News

POST TYPE

LATEST NEWS POST

အမျိုးသားကို ရိုက်နှက်ပြီး အမျိုးသမီးကို ဓားထောက်မုဒိမ်းကျင့်သူနှစ်ဦးအား ဖမ်းမိ
17-Jun-2019
ရန်ကုန်၊ ဇွန် ၁၇

ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်ရှိ ရဲဘော်ဈေးပန်းခြံတွင် ယနေ့ (ဇွန် ၁၇ ရက်) နံနက်အစောပိုင်းက ချိန်းတွေ့နေသည့်ချစ်သူစုံတွဲမှ အမျိုးသားကို အမျိုးသားနှစ်ဦးက တုတ်ဖြင့်ရိုက်ပြီး အမျိုးသမီးကို ဓားဖြင့်ထောက်၍ အဓမ္မပြုကျင့်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အမျိုးသားနှစ်ဦး၏ အဓမ္မပြုကျင့်မှုကို ခံခဲ့ရသည့် အသက် ၂၃ နှစ်အရွယ် အမျိုးသမီးမှာ ခရမ်းမြို့တွင် နေထိုင်သည့် ၎င်း၏ချစ်သူအမျိုးသားအား မှော်ဘီမြို့သို့ခေါ်၍ ရဲဘော်ဈေးပန်းခြံတွင် ချိန်းတွေ့စကားပြောနေစဉ် အမည်မသိ အမျိုးသားနှစ်ဦးကရောက်ရှိလာပြီး ၎င်း၏ချစ်သူကို တုတ်ဖြင့်ရိုက်နှက်ခဲ့သည်။

ယင်းနောက် အမည်မသိ အမျိုးသားနှစ်ဦးက အမျိုးသမီးကိုဓားဖြင့်ထောက်၍ အော်ရင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုပြီး ပန်းခြံအနီးရှိ ခြုံတောထဲခေါ်ဆောင်၍ အဓမ္မပြုကျင့်ခဲ့ပြီးနောက် ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။

အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးမှ ပြစ်မှုကျူးလွန်သူများကို စုံစမ်းဖော်ထုတ် အရေးယူပေးပါရန် မှော်ဘီ မြို့မ ရဲစခန်းတွင် တိုင်ကြားခဲ့သောကြောင့် နယ်ထိန်းအဖွဲ့မှ ကျေးရွာသူရွာသားများနှင့်ပူးပေါင်း၍ ပြစ်မှုကျူးလွန်ခဲ့သူနှစ်ဦးကိုစုံစမ်းခဲ့ရာ ဘန့်ဘွေးကုန်းကျေးရွာတွင် နေထိုင်သော ဆိုင်ကယ်ကယ်ရီမောင်းသူ အသက် ၂၄ နှစ်အရွယ် ဇော်ရဲနှင့် အသက် ၂၁ နှစ်အရွယ် ခင်ဇော်တို့မှ ပြစ်မှုကျူးလွန်ခဲ့ကြောင်း စုံစမ်းသိရှိခဲ့သည်။

“တရားခံနှစ်ယောက်လုံးကို ဘန့်ဘွေးကုန်းကျေးရွာအနီးက ခြုံတောထဲမှာ ဒီမနက်က ဖမ်းဆီးရမိခဲ့တယ်”ဟု မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး လှဝေက ပြောသည်။

အဆိုပါဖမ်းမိသူနှစ်ဦးကို မှော်ဘီမြို့မ ရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၇၆/ ၃၂၅/ ၁၁၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03