News

POST TYPE

LATEST NEWS POST

အမေရိကန်ကုန်စည် ၂၈ မျိုးအပေါ်တွင် တုံ့ပြန်အခွန် အိန္ဒိယချမှတ်မည်
17-Jun-2019


ဒေလီ၊ ဇွန် ၁၆

အိန္ဒိယနိုင်ငံသည် တနင်္ဂနွေနေ့မှစ၍ အယ်လ်မွန်၊ ပန်းသီးနှင့် သစ်ကြားသီး အပါအဝင် အမေရိကန်ကုန်စည် ၂၈ မျိုး အပေါ်တွင် မြင့်မားသောအခွန်နှုန်းချမှတ်သွားမည်ဖြစ်ပြီး ဝါရှင်တန်ထံမှ ကုန်သွယ်မှု အခွင့်ထူး ရုပ်သိမ်းခံရမှုကို တုံ့ပြန်ခြင်းဖြစ်သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။

၂၀၁၇ တွင် သမ္မတထရမ့် အာဏာရ လာပြီးနောက် အမေရိကန်ဘက်မှ ကုန်သွယ်ရေးလိုငွေပြနေသော ကုန်သွယ်ဖက် နိုင်ငံများအပေါ် စည်းမျဉ်းများ တင်းကျပ်လာခဲ့ရာမှ နှစ်နိုင်ငံအကြား ကုန်သွယ်ရေး အငြင်းပွားမှုအချို့ ဖြစ်ပေါ်လာခဲ့သည်။

အိန္ဒိယနိုင်ငံအား အမေရိကန်သို့ ဒေါ်လာ ၅ ဒသမ ၆ ဘီလီယံအထိ အခွန်လွတ် ကုန်ပစ္စည်းတင်ပို့ခွင့် ရရှိစေသည့် GSP စနစ်အရ ရရှိနေသော အထူးကုန်သွယ်ခွင့်များကို ဇွန်လ ၅ ရက်တွင် သမ္မတထရမ့်က ရပ်ဆိုင်းခဲ့သည်။

ဝန်ကြီးချုပ် နာရင်ဒရာမိုဒီသည် ဇွန်လကုန် ဂျပန်နိုင်ငံ G20 အစည်းအဝေးအဝန်းအဝိုင်းတွင် သမ္မတထရမ့်နှင့် တွေ့ဆုံဆွေးနွေးခြင်းမပြုမီ အမေရိကန် ကုန်စည်အချို့အပေါ် အခွန် ၁၂၀ ရာခိုင်နှုန်းအထိ ချမှတ်နိုင်ရန် ပြင်ဆင်နေသည်ဟု ရိုက်တာသတင်းဌာနက အစောပိုင်းတွင် သတင်းဖော်ပြခဲ့ပြီးဖြစ်သည်။

သို့ရာတွင် နယူးဒေလီသည် ဝါရှင်တန်နှင့် ကုန်သွယ်ရေးဆွေးနွေးပွဲများ ပြုလုပ်နေမှုကြောင့် အခွန်ချမှတ်မည့် အစီအစဉ်ကို အကြိမ်ကြိမ်ဆိုင်းငံ့ခဲ့သည်။ 

နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် ၂၀၁၈ ခုနှစ်က ဒေါ်လာ ၁၄၂ ဒသမ ၁ ဘီလီယံရှိခဲ့သည်။

အိန္ဒိယနိုင်ငံ၏ စနေနေ့က ကြေညာချက်တွင် အမေရိကန်မှ တင်ပို့သောကုန်စည် ၂၈ မျိုးအပေါ် တုံ့ပြန်အခွန် ချမှတ်မည်ဖြစ်ပြီး အခြားနိုင်ငံများမှ တင်ပို့သော အလားတူ ကုန်စည်များကိုမူ လက်ရှိနှုန်းထားအတိုင်း စည်းကြပ်မည်ဖြစ်သည့်အတွက် ယခင်အမိန့်ကို ပြင်ဆင်သည်ဟု ဖော်ပြထားသည်။

အိန္ဒိယဘက်က တုံ့ပြန်အခွန်ချမှတ်မှုသည် အမေရိကန်နှင့် အိန္ဒိယအကြား တိုးတက်များပြားလာသော နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ သဘောတူညီမှုများအပေါ် ရိုက်ခတ်မှု ရှိလာနိုင်သည်။

ယခုလအတွင်း အိန္ဒိယသို့ လာရောက်မည်ဟု မျှော်လင့်ရသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက အိန္ဒိယနှင့် ကုန်သွယ်ရေးမညီမျှမှုများကို အိန္ဒိယ ဈေးကွက်အတွင်း အမေရိကန်ကုမ္ပဏီများအား ဝင်ရောက်ခွင့်ပေးခြင်းမှတစ်ဆင့် ဖြေရှင်းသွားရန် ဆွေးနွေးမည်ဟု ပြောကြားထားသည်။  

F-04


  • VIA