News

POST TYPE

LATEST NEWS POST

အသက် ၂ နှစ်မပြည့်သေးသည့် ကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့သည့် ကိုရင်ကြီးကို ဖမ်းဆီး
17-Jun-2019


ရန်ကုန်၊ ဇွန် ၁၇

အစ်ကိုဖြစ်သူနှင့်အတူ အိပ်ပျော်နေသည့် ၁ နှစ် ၉ လအရွယ် မိန်းကလေးငယ်ကို ခိုးယူပြီး အဓမ္မပြုကျင့်မှုဖြင့် ကိုရင်ကြီးတစ်ပါးကို လူဝတ်လဲ၍ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံနယ်မြေ ရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၃၆၃ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ခိုးယူခံရသည့် မိန်းကလေးငယ်၏ မိဘနှစ်ပါးမှာ ဇွန် ၁၅ ရက် ညသန်းခေါင်အချိန်က မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ ဘုန်းကြီးကျောင်းလမ်းရှိ မော်ကျွန်းကျောင်းဝင်းတွင် ရေသန့်ဘူးများကို ဆေးကြောနေခဲ့ပြီး သမီးဖြစ်သူနှင့် အသက်လေးနှစ်အရွယ် သားဖြစ်သူတို့ကို ကျောင်းတိုက်ရှိ ရုံးခန်းတွင် အိပ်စေခဲ့သည်။

မိဘနှစ်ပါး အလုပ်လုပ်သည့် နေရာနှင့် ကလေးနှစ်ဦး အိပ်စက်သည့် နေရာမှာ ပေ ၈၀ ခန့်ကွာဝေးပြီး နံနက် ၁ နာရီခွဲ၌ အလုပ်ပြီး၍ ကလေးများထံ ပြန်လာစဉ် သမီးဖြစ်သူမှာ ပျောက်ဆုံးနေသောကြောင့် ကျောင်းတိုက်အတွင်း လိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းနောက် ဇွန် ၁၆ ရက် နံနက် ၉ နာရီခွဲတွင် မော်ကျွန်းကျောင်း အရှေ့ဘက်ရှိ ကိုင်းတောထဲတွင် ကလေးငယ်တစ်ဦးကို တွေ့ရှိကြောင်း သတင်းရရှိသဖြင့် မိဘနှစ်ပါးက သွားရောက်ကြည့်ရှု့ရာ ပျောက်ဆုံးနေသည့် ၎င်းတု့ိ၏ သမီးငယ်ဖြစ်နေပြီး ခန္ဓာကိုယ်တွင် ခြင်၊ ဖြုတ်များ ကိုက်ခံထားရသည့် သမီးဖြစ်သူကို ရန်ကင်း ကလေးဆေးရုံကြီးသို့ တင်ပို့၍ ဆေးကုသမှု ခံယူခဲ့သည်။ 

ကိုင်းတောထဲမှ ပြန်တွေ့ခဲ့သည့် မိန်းကလေးငယ်မှာ အဓမ္မပြုကျင့်ခံထားရသည့် လက္ခဏာများ တွေ့ရှိကြောင်း ဆရာဝန်ထံမှ သိရှိရသဖြင့် ရွှေပေါက္ကံနယ်မြေ ရဲစခန်းတွင် ပြစ်မှုကျူးလွန်သူကို ဥပဒေအရ အရေးယူပေးပါရန် အမှုဖွင့်တိုင်ကြားခဲ့ပြီး စုံစမ်းစစ်ဆေးရာ ၁ နှစ် ၉ လ အရွယ်ရှိ မိန်းကလေးငယ်ကို ပစ္ဆိမာရုံကျောင်းတိုက်မှ ဝါတော် (၁) ဝါ၊ အသက် ၃၉ နှစ်ရှိ ကိုရင်ကြီး (ခ) ဥူးဥတ္တရ (ခ) ဇေယျာလင်းက မကြာခဏ ကျောင်းဝင်းအပြင်သို့ ခေါ်ဆောင်သွားလေ့ရှိပြီး ဇွန် ၁၃ ရက် မွန်းလွဲပိုင်းက ကိုရင်ကြီး (ခ) ဥူးဥတ္တရနှင့် အပြင်သို့ လိုက်ပါသွားသည့် သမီးငယ်၏ မိန်းမကိုယ်တွင် ပွန်းပဲ့ဒဏ်ရာကို မိခင်ဖြစ်သူက မြင်တွေ့ခဲ့သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကိုရင်ကြီး (ခ) ဥူးဥတ္တရအပေါ် သံသယရှိခဲ့သော်လည်း ရဟန်းသံဃာ ဖြစ်နေသဖြင့် ကလေး၏ မိဘများက သက်ဆိုင်ရာသို့ တိုင်ကြားခြင်းမပြုဘဲ နေခဲ့သော်လည်း ကလေးကို ခိုးယူပြီး အဓမ္မပြုကျင့်မှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်ခဲ့သူမှာ ကိုရင်ကြီး (ခ) ဥူးဥတ္တရ ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရ လူဝတ်လဲ၍ ဖမ်းဆီးကာ ရွှေပေါက္ကံနယ်မြေ ရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ (မုဒိမ်းမှု)၊ ပုဒ်မ ၃၆၃ (လူခိုးမှု) တို့ဖြင့် အမှုဖွင့် အရေးယူ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03




  • VIA