News

POST TYPE

LATEST NEWS POST

မွန်တွင် သက်ငယ်မုဒိမ်းမှု ဖြစ်ပွားမှု ယခင်နှစ်ထက်မြင့်
16-Jun-2019


မော်လမြိုင်၊ ဇွန် ၁၆

မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်း ယခု ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဇွန်လ ပထမအပတ်အထိ သက်ငယ်မုဒိမ်းဖြစ်ပွားမှုမှာ ယခင်၂၀၁၈ ခုနှစ် တစ်နှစ်စာခန့်ရှိနေကြောင်း မွန်ပြည်နယ် လွှတ်တော်အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့က ပြောကြားသည်။

“တစ်နှစ်စာထက် ခြောက်လ အရေအတွက်က များလာတယ်။ ဖြစ်စဉ်ကို ဖော်ထုတ်လာနိုင်တယ်။ အရင်က တရားမစွဲဘူး၊ ဖုံးဖုံးဖိဖိနဲ့ ပြီးဆုံးသွားတယ်။ အခုနောက်ပိုင်းမှာတော့ အသိပညာပေးမှုတွေ ရှိလာတယ်။ ဒီလိုကိစ္စမျိုးက တရားစီရင်ရေးလမ်းကြောင်းပေါ်တင်သင့်တယ်။ ဒါက ဘာကြောင့်လဲဆိုတော့ ပြစ်မှုပြစ်ဒဏ်တိုးလိုက်တာလည်းပါတယ်”ဟု ၎င်းကပြောဆိုသည်။

ယခင်ကာလတွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၅ တွင် ပြဋ္ဌာန်းထားသည့် အသက်အပိုင်းအခြားသည် ယခုပြန်လည် ပြင်ဆင်ထားသည့် အသက် ၁၆ နှစ်အောက်ဆိုသည့် အသက်ပိုင်းခြားကွာခြားမှုကြောင့် အမှုအရေအတွက် များလာရခြင်းဖြစ်ကြောင်း၊ ထို့ပြင် မူးယစ်ဆေးဝါးကြောင့် မလိုလားအပ်သည့် အွန်လိုင်းညစ်ညမ်း video များကြောင့် စိတ်ပိုင်းဆိုင်ရာ ချို့တဲ့သည့်လူများလည်းရှိသဖြင့် တိုးလာရခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ လူမှုဝန်ထမ်းဦးစီးဌာနသို့ တိုင်ကြားလာသည့် သက်ငယ်မုဒိမ်းမှု ၂၁ မှုရှိပြီး ၂၀၁၈ ခုနှစ် တစ်နှစ်လုံးတွင် ၃၅ မှုသာရှိကြောင်း၊ ၂၀၁၉ ခုနှစ်တွင် သက်ငယ်မုဒိမ်းအပြင် မုဒိမ်းမှု၊ အုပ်ထိန်းသူမဲ့/ မိဘနှင့် ကွဲကွာမှု၊ ရင်ခွင်မဲ့ကလေး၊ ဆိုးသွမ်းကလေး၊ ကာယိနြေ္ဒပျက်စီးစေမှု၊ ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်းနှင့် အခြားအမှုများ စုစုပေါင်း ၄၆ မှုကို လူမှုဝန်ထမ်းဦးစီးဌာနက ကူညီဖြေရှင်းပေးခဲ့ရကြောင်း လူမှုဝန်ထမ်း ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

“အခုဖြစ်နေတဲ့ အမှုတော်တော်များများက၂ နှစ်ကနေ ၁၃ နှစ်ကြား ကလေးတွေက တကယ့်ကို သက်ငယ်မုဒိမ်းခံရတဲ့ ကလေးတွေဖြစ်တယ်။ သူတို့မှာ ဘာအမှားမှမရှိဘဲခံရတယ်။ သက်ငယ်မုဒိမ်းရဲ့ ၈၀ ရာခိုင်နှုန်းသည် ရင်းနှီးကျွမ်းဝင်တဲ့သူတွေနဲ့ ဖြစ်တာများပါတယ်”ဟု ဒေါ်ခိုင်ခိုင်လဲ့က ထပ်လောင်း ပြောဆိုသည်။

မွန်ပြည်နယ်တစ်ခုလုံးတွင် သက်ငယ်မုဒိမ်းမှုမှာ မော်လမြိုင်မြို့နယ်တွင် ၈ မှု၊ မုဒုံမြို့နယ်တွင် ၅ မှု၊ သံဖြူဇရပ်မြို့နယ်၊ ရေးမြို့နယ်၊ သထုံမြို့နယ်တို့တွင် ၂ မှုစီနှင့် ပေါင်နှင့် ကျိုက်ထိုမြို့နယ်တို့တွင် ၁ မှု စီရှိကြောင်း လူမှုဝန်ထမ်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

R-21