News

POST TYPE

LATEST NEWS POST

မုံရွာတွင် ရာအိမ်မှူးကို ရိုက်နှက်ခဲ့သူများအား ဖမ်းမိ
23-May-2019

မုံရွာ၊ မေ ၂၃

မုံရွာမြို့၊ ကန်သာယာကန်ပတ်လမ်းတွင် ရပ်ကွက်ရာအိမ်မှူးတစ်ဦးကို ရိုက်နှက်ကာ ထွက်ပြေးသွားသည့် လူငယ်သုံးဦးကို မေလ ၂၂ ရက်နေ့ ညနေက ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

“နယ်မြေ ၃ မှာနေထိုင်သူ ရွှေမင်းနောင်ကို သူ့အဖော်နဲ့အတူ ဖမ်းမိပါတယ်။ ရာအိမ်မှူး ဦးဌေးကိုရိုက်တဲ့လူငယ်ပါ။ မှတ်မိလိုက်လို့ လိုက်ဖမ်းနေတာပါ။ မြို့မစခန်းကို အပ်လိုက်ပါပြီ”ဟု အောင်ချမ်းသာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်က ပြောဆိုသည်။ 

ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့ ည ၁၁ နာရီခွဲခန့်က ဦးဌေးသည် ကန်သာယာပတ်လမ်းတွင်ရှိနေစဉ် ဆိုင်ကယ်စီးလာသူသုံးဦးက တုတ်ဖြင့်ရိုက်နှက်ခဲ့ခြင်းဖြစ်ပြီး နာကျင်ဒဏ်ရာများရရှိခဲ့၍ ဆေးရုံကြီးတွင် ဆေးကုသခံယူပြီး မြို့မစခန်းတွင် အမှုဖွင့်ရန်စီစဉ်နေကြောင်း ရိုက်နှက်ခံရသူ ရာအိမ်မှူး ဦးဌေးက ပြောကြားသည်။

“ဒဏ်ရာက နေပူတော့ ခေါင်းမူးနေတာနဲ့ မဖွင့်ရသေးတာပါ။ တရားခံမိတဲ့အကြောင်း စခန်းက မနေ့ကတည်းက အကြောင်းကြားတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ ရာအိမ်မှူးရိုက်နှက်မှု ဖြစ်ပွားခဲ့ပြီးနောက် ယင်းည ၁၂ နာရီခန့်တွင် ဗိုလ်ချုပ်လမ်း၊ ကန်သာယာအနီးတွင် အမျိုးသမီးနှစ်ဦး ရိုက်နှက်ခံရပြီး ဆိုင်ကယ် လုယူခံရမှုထပ်မံဖြစ်ပွားခဲ့သည်။
 
ယင်းဖြစ်စဉ်မှ ဆိုင်ကယ်ကိုလည်း အောင်ချမ်းသာ နယ်မြေ ၃ မှ ရွှေမင်းနောင်ထံမှ ပြန်လည် သိမ်းဆည်းရမိခဲ့ကြောင်း အောင်ချမ်းသာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်က ပြောကြားသည်။ 

R-08