News

POST TYPE

LATEST NEWS POST

သာယာဝတီတွင် အထည်ချုပ်လုပ်သား သုံးထောင်ကျော် ဆန္ဒပြ
23-May-2019



ရန်ကုန်၊ မတ် ၂၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့၊ ဟွာရှိန်အထည်ချုပ်စက်ရုံတွင် ခွင့်ဖြင့် အလုပ်တစ်ရက်ပျက်ကွက်ပါက နှစ်ရက်စာ လုပ်အားခ ဖြတ်တောက်နေသောကြောင့် အလုပ်သမား သုံးထောင်ကျော်က စက်ရုံဝန်းအတွင်း မေ ၂၂ ရက်မှ စတင်ကာ ဆန္ဒပြလျက်ရှိကြောင်း ဝန်ထမ်းများထံမှ သိရသည်။

“တစ်ရက်ပျက်ရင် တစ်ရက်စာပဲဖြတ်ပေါ့၊ အခုက ၂ ရက်စာ လုပ်အားခကို ဖြတ်တယ်။ အဲ့ဒါကြောင့်ဆန္ဒပြတာပါ”ဟု ယင်းစက်ရုံမှ အထည်ချုပ်လုပ်သား မထိန်ထိန်လင်းက ယနေ့ မေ (၂၃) တွင် ပြောသည်။

ဆန္ဒပြရာတွင် သောက်ရေသန့်စက် တပ်ဆင်ပေးရေး၊ ရက်မှန်ကြေးတစ်လကို သုံးသောင်းပေးရန်၊ ကျန်းမားရေးမကောင်းသော လုပ်သားများ ဆေးမှတ်တမ်းစာရွက်ပါလာပါက ခွင့်ပေးရန်၊ မိဘအရင်းသေဆုံးပါက ရက်လည်အထိခွင့်ပေးရန်၊ အလုပ်နားချိန်တွင် အလုပ်ခိုင်းစေခြင်းမပြုလုပ်ရန်တို့ အပါအဝင် အချက် (၂၉ ) ချက်ကို တောင်းဆိုလျှက်ရှိကြောင်း ၄င်းက ပြောသည်။

ထို့ပြင် နှစ်ပြည့် ခံစားခွင့် ရက်မှန်ကြေး ၄၈၀၀၀ ကျပ်ကို တစ်နှစ်ပြည့်ပြီး ၆ လကြာမှသာ စက်ရုံဘက်မှ ထုတ်ပေးခြင်းကိုလည်း မကျေနပ်သဖြင့် ယခုကဲ့သို့ ဆန္ဒပြခြင်းဖြစ်ကြောင်း စက်ရုံအလုပ်သမား မဝင်းမာက ဆိုသည်။

ယနေ့ မေ ၂၃ တွင် အလုပ်သမားများ ခေါင်းဆောင် ၁၅ ဦးနှင့် အလုပ်ရှင်တို့ နှစ်ဖက် ညှိနှိုင်းနေဆဲ ကာလဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ စည်ရုံးရေးမှူး ကိုဝင်းဇော်က ပြောသည်။

“အခုထိက ညှိနေတုန်း ပြေလည်မှုတော့မရသေးဘူး။ အခြေနေကို ပြောလို့မရသေး”ဟု ၄င်းက ဆိုသည်။

ဆန္ဒပြလုပ်သားများ တောင်းဆိုသည် အချက် ၂၉ ချက်ကို အလုပ်ရှင်နှင့် ညှိနှိုင်းရာတွင် အချက် ၄ ချက်သာ ပြေလည်မှုသာရရှိသေးကြောင်း ၄င်းက ဆိုသည်။

အဆိုပါ ဟွာရှိန် အထည်ချုပ်စက်ရုံသည် ၂၀၁၆ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး၊ စက်ရုံလုပ်သား ၄ ထောင်ခန့်ဖြင့် လုပ်ကိုင်နေသော အထည်ချုပ်စက်ရုံဖြစ်ပြီး လက်ရှိ ဆန္ဒပြမှုဖြစ်စဉ်နှင့် ပတ်သက်၍ စက်ရုံဖုန်းသို့ The Voice သတင်းစာမှ ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ပြန်လည်လက်ခံ ဖြေကြားခြင်းမရှိပေ။

J-18၊ R-19