News

POST TYPE

LATEST NEWS POST

ဘတ်ဂျက်မလောက်၍ ကျောင်းဝတ်စုံအစား ဗလာစာအုပ်ကိုသာ တိုးပေးမည်
21-May-2019

ရန်ကုန်၊ မေ ၂၀ 

မူလတန်းဆင့်ကျောင်းသား၊ ကျောင်းသူများကို ကျောင်းဝတ်စုံတစ်စုံစီအခမဲ့ ပေးနေရာ ယခုနှစ်တွင် ဘတ်ဂျက်မလောက်၍ ကျောင်းဝတ်စုံအစား ဗလာစာအုပ်ကိုသာ ထပ်တိုးပေးတော့မည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောကြားသည်။

ကျောင်းဝတ်စုံတစ်စုံအတွက် အသုံးစရိတ် ကျပ် ၄၀၀၀ ခန့်ရှိသော်လည်းရသည့် ဘတ်ဂျက်မှာ ကျပ် ၁၅၀၀ ခန့်သာဖြစ်၍ အရည်အသွေးညံ့ဝတ်စုံသာရမည့်အပြင် ကလေးများအတွက် ဝတ်စုံအရွယ် အစားမတူညီသည့် အခက်အခဲများလည်းရှိသဖြင့် အသုံးစရိတ်နှင့်ကိုက်သည့် ဗလာစာအုပ်ကို တိုးပေးရန် စီစဉ်ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ကျောင်းဝတ်စုံတစ်စုံပေးခြင်း အစားဗလာစာအုပ်ကို ယခင်ထုတ်ပေးနေကျ ဒါဇင်ဝက်မှ ၆ အုပ်တိုး၍ တစ်ဒါဇင်ပေးမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရှိရသည်။ 

အခြားသော အလယ်တန်းဆင့်၊ အထက်တန်းဆင့်များအတွက် ဗလာစာအုပ်၊ ပုံနှိပ်စာအုပ် အခမဲ့ပေးခြင်းတို့မှာ ပုံမှန်အတိုင်း ဆက်ပေးသွားမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရှိရသည်။

ယခုပညာသင်နှစ်အတွက် ကျောင်းဝတ်စုံအသုံးစရိတ်ရငွေမှာ ကျပ်သန်း ၇၅၆၀ ဖြစ်ပြီး ယမန်နှစ်ကထက် ကျပ် သန်း ၅၀ကျော် ပိုရကြောင်း၊ ယခုနှစ် မူလ တန်းဆင့် ကျောင်းအပ်နိုင်မည့် ကျောင်းသားအရေအတွက်မှာ ယခင်နှစ်ထက်ပိုများမည်ဖြစ်ကြောင်း အခြေခံပညာဌာနက တွက်ချက်ထားသည်။

အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး (ဘဏ္ဍာဌာနခွဲမှ) ဦးသန်းစိုးအောင်က “ပြီးခဲ့တဲ့နှစ်က ဝတ်စုံတစ်စုံကို ၁၄၀၀ အပ်ရတယ်။ အဲဒီဝတ်စုံတွေက တကယ်တမ်းကျောင်းသားတွေကို ဝေတဲ့အခါ အရည်အသွေးညံ့တာရယ်၊ ဝတ်စုံအရွယ်အစား မတူညီတာတွေကြောင့် ကျောင်းသားတွေအတွက် သိပ်အသုံးမဝင်တဲ့အတွက် ဗလာစာအုပ်ကို ပြောင်းပေးလိုက်တာ”ဟု ဆိုသည်။

ကလေးမြို့မှ အထက်တန်းပြ ဆရာတစ်ဦးက “မူလတန်းမှာ ကျောင်းကိုကြိုက်တဲ့ ဝတ်စုံဝတ်ခဲ့လို့ ရတယ်။ တကယ်တမ်းလိုတာက အလယ်တန်း၊ အထက်တန်းပဲ အဖြူ၊ အစိမ်းဝတ်ဖို့လိုအပ်တာပါ။ အဲဒါကြောင့် ဝတ်စုံမထုတ်ပေးလည်း မိဘတွေအတွက် သိပ်လည်း အကျိုးသက် ရောက်မှုမရှိပါဘူး”ဟု မှတ်ချက်ပေးသည်။

ယခု ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူ မိဘများအနေနှင့် မေလ ၂၅ ရက်မှစ၍ ၃၁ ရက်အထိ ကျောင်းအပ်နိုင်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက အသိပေးထားသည်။

ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ သိန်း ၅၀ ခန့်ရှိပြီး အထက်တန်းဆင့်၊ အလယ်တန်းအဆင့် စုစုပေါင်းလျှင် အရေအတွက် ၉၁ သိန်း ကျော်ရှိကြောင်း ပညာရေးဝန်ကြီးဌာန၏ တတိယ ၁ နှစ်တာ အနှစ်ချုပ်အစီရင်ခံစာတွင်ဖော်ပြထားသည်။ 

ယခင်က မူလတန်းအဆင့်ကျောင်းသားများကို ဗလာစာအုပ်ဒါဇင်ဝက်၊ ပုံနှိပ်စာအုပ်၊ ငွေကျပ် ၁၀၀၀ ထောက်ပံ့ပေး နေရာမှ ၂၀၁၅ ခုနှစ်မှစ၍ ကျပ် ၁၀၀၀ အစား ကျောင်းဝတ်စုံတစ်စုံစီကို အစားထိုးပေးခဲ့ခြင်းဖြစ်သည်။ 

အထက်တန်းအထိ အခမဲ့ပညာရေးစတင်ခဲ့သည့် အဆိုပါ ၂၀၁၅ ခုနှစ်က အခြေခံအဆင့် အခမဲ့ပညာရေးအတွက် ကျပ် ၃၅ ဘီလီယံကျော်သုံးစွဲခဲ့သည်။ 

J-05