News

POST TYPE

LATEST NEWS POST

အိုင်ဗရီကို့စ်တွင် မြန်မာ့ဆန်ဖျက်ဆီးခံရမှု စုံစမ်းရေးအဖွဲ့ဖွဲ့ကာ အသေးစိတ်စုံစမ်းစစ်ဆေးမည်
24-Apr-2019

ရန်ကုန်၊ ဧပြီ ၂၄

မြန်မာနိုင်ငံမှတင်ပို့ခဲ့သည့် ဆန်တန်ချိန် ၁၈၀၀၀ ကို အိုင်ဗရီကို့စ်အာဏာပိုင်များက စားသုံးရန်မသင့်ဟုဆိုကာ ဖျက်ဆီးခံရမှုနှင့်ပတ်သက်၍ တာဝန်ရှိသူများပါဝင်သည့် စုံစမ်းရေးအဖွဲ့ဖွဲ့စည်း၍ အသေးစိတ် စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ယနေ့ (ဧပြီလ ၂၄ ရက်) သတင်းထုတ်ပြန်သည်။

စုံစမ်းရေးအဖွဲ့ဖွဲ့စည်း၍ ဆန်တင်ပို့သည့် ကုမ္ပဏီများ၊ အရည်အသွေးစစ်ဆေးသည့် Bureau Veritas ကုမ္ပဏီနှင့် ဆန်ဝယ်ယူသည့် Olam International Co,Ltd တို့ကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်သည်။

အဆိုပါ ဖျက်ဆီးခံရသည့်ဆန်များကို Olam International Co,Ltd က အာဖရိကတိုက်ရှိ ဂီနီသို့ဆန်တင်ပို့ရန် မြန်မာကုမ္ပဏီများဖြစ်သည့် ရွှေဝါရောင်ကုမ္ပဏီမှ တန် ၁၃၅၀၀၊ Myanmar Economic Corporation Co,Ltd မှ တန် ၈၀၀၀ နှင့် ဧရာဟင်္သာကုမ္ပဏီမှ တန် ၅၀၀ တို့ကို ဆိပ်ကမ်းအရောက် (FOB) စနစ်ဖြင့် ဝယ်ယူသွားခြင်းဖြစ်သည်။

ယင်းဆန်များကိုတင်ဆောင်ရန်အတွက် MV Ocean Princess သင်္ဘောသည် ၂၀၁၈ ခုနှစ် ဩဂုတ်လ ၂ဝ ရက်နေ့တွင် ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိခဲ့ပြီး ဆန်တန်ချိန် ၂၂၀၀၀ ခန့်ကို အရည်အသွေးစစ်ဆေးသည့် Bureau Veritas ကုမ္ပဏီ၏ စစ်ဆေးအတည်ပြုချက်ဖြင့် တင်ဆောင်၍ ၂၀၁၈ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ထွက်ခွာသွားခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

ထို့ပြင် MV Ocean Princess သင်္ဘောသည် အိန္ဒိယနိုင်ငံဆိပ်ကမ်းတွင်လည်း ဆန်တန်ချိန် ၁၄၀၀၀ ကို ထပ်မံတင်ဆောင်ခဲ့ပြီး ဂီနီနိုင်ငံရှိ Conakry ဆိပ်ကမ်းသို့ ၂၀၁၈ခုနှစ် ဒီဇင်ဘာလတွင် ဆိုက်ရောက်ခဲ့ကာ ယင်းဆိပ်ကမ်းတွင် ဆန်အိတ် လေးထောင်ခန့်ချအပြီး ဆန်အိတ်အချို့တွင် အလေးချိန်မပြည့်သည့် အကြောင်းပြချက်ဖြင့် လက်မခံသဖြင့် တိုဂိုနိုင်ငံတွင် သွားရောက်ရောင်းချရာ ယင်းနိုင်ငံကလည်း ထပ်မံ၍ ငြင်းပယ်သဖြင့် အိုင်ဗရီကို့စ်နိုင်ငံ၊ အဘီဂျန်ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

ယင်းဆန်များကို မြန်မာနိုင်ငံသို့ ပြန်လည်တင်ဆောင်နိုင်ရန် Olam International ကုမ္ပဏီမှ ကိုယ်စားလှယ်များက စီးပွား/ကူးသန်းဝန်ကြီးဌာနသို့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်က လာရောက်တွေ့ဆုံတင်ပြမှုအရ ဆန်တန်ချိန် ၁၈၁၀၄ ဒသမ ၅၅ တန်ကို ပြန်လည်သယ်ယူနိုင်ရန် Repair & Return စနစ်ဖြင့် သွင်းကုန်ပါမစ်သုံးစောင် ထုတ်ပေးလိုက်သော်လည်း ပြန်လာခဲ့ခြင်းမရှိဘဲ ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း ယင်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာ့ဆန်တန်ချိန် ၁၈၀၀၀ ဖျက်ဆီးခံရမှုနှင့်ပတ်သက်၍ ရောင်းချသည့်ကုမ္ပဏီများအပါအဝင် မြန်မာနိုင်ငံအနေနှင့် သက်ဆိုင်ခြင်းမရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးက ရှင်းလင်းပြောကြားထားသည်။

အဆိုပါဖြစ်စဉ် ဖြစ်ပေါ်ခဲ့သော်လည်း မြန်မာ့ဆန်ပြည်ပတင်ပို့သည့်ဈေးကွက်ကို ထိခိုက်မှုမရှိဘဲ ၂၀၁၉ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ၁၉ ရက်နေ့အထိ ပို့ကုန်လိုင်စင်ခွင့်ပြုထားသည့် အာဖရိကနိုင်ငံများသို့ ဆန်တန်ချိန် ၂၇၉၉၅ တန်၊ အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၁၁၉၀ တန်၊ ဆန်ကွဲ ၁၁၅၀ တန်၊ ဥရောပနိုင်ငံများသို့ ဆန်တန်ချိန် ၁၅၂၇၁ တန်၊ ဆန်ကွဲ ၁၉၀၁၀ တန်တို့ကို ပုံမှန်အတိုင်း ဆက်လက်တင်ပို့လျက်ရှိကြောင်း ယင်းဝန်ကြီးဌာန၏ ကုန်သွယ်မှုစာရင်းများအရ သိရသည်။

J-11