News

POST TYPE

LATEST NEWS POST

သတင်းမီဒီယာများကို တပ်မတော်က တရားစွဲဆိုသည့်ကိစ္စ ကြားဝင်ညှိနှိုင်းပေးရန် သတင်းမီဒီယာကောင်စီက တပ်ချုပ်ထံ စာပေးပို့
24-Apr-2019
ရန်ကုန်၊ ဧပြီ ၂၃

ဧရာဝတီ သတင်းဌာန အပါအဝင် သတင်းမီဒီယာအချို့ကို တပ်မတော်က တရားစွဲဆိုထားသည့် ကိစ္စများနှင့် ပတ်သက်၍ ကြားဝင်ညှိနှိုင်းပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ (MPC) က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ စာပေးပို့ တောင်းဆိုလိုက်ကြောင်း MPC ထံမှ သိရသည်။

ဧရာဝတီ အွန်လိုင်းသတင်းဌာနကို ပြီးခဲ့သည့် သြင်္ကန်မတိုင်မီကာလက ရခိုင်အရေး သတင်းဖော်ပြမှုများနှင့် ပတ်သက်၍ တပ်မတော်က ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခဲ့ပြီး အခြားသတင်းဌာနအချို့ကိုလည်း တရားစွဲရန် ပြင်ဆင်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။

ဧရာဝတီ သတင်းဌာနအနေနှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကို ကြားဝင်ဖြေရှင်းပေးရန် စာပေးပို့လာပြီး ကောင်စီအနေနှင့်လည်း သတင်းမီဒီယာ ဥပဒေဖြင့် ဆောင်ရွက်ရန်နှင့် ကြားဝင်ညှိနှိုင်းခွင့်ပြုရန် တပ်ချုပ်ထံ စာပေးပို့ခဲ့ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီအတွင်းရေးမှူး ဦးကျော်စွာမင်းက ပြောကြားသည်။

သတင်းမီဒီယာသမားများကို အရေးယူလိုပါက သတင်းမီဒီယာ ဥပဒေပြဋ္ဌာန်းထားပြီးဖြစ်ပြီး အဆိုပါ သတင်းမီဒီယာ ဥပဒေဖြင့်သာ အရေးယူရန် တိုက်တွန်းခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။

ဧရာဝတီ သတင်းဌာနအနေနှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) နှင့်ပတ်သက်သည့် သတင်းများကို ရေးသားဖော်ပြခဲ့သည့် သတင်းဆောင်းပါးများကြောင့် ပုဒ်မ ၆၆ (ဃ) ဖြင့် ကျောက်တံတားရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီ သတင်းဌာနက အတည်ပြုထားသည်။

အဆိုပါ ကိစ္စများအတွက် စာပေးပို့ရုံနှင့် လုံလောက်မှုမရှိဘဲ တပ်မတော်နှင့် တွေ့ဆုံဆွေးနွေးရန် လိုအပ်နေပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ရုရှားနိုင်ငံ ခရီးစဉ်မှ ပြန်ရောက်လာပါက တွေ့ဆုံဆွေးနွေးရန် စီစဉ်သွားမည်ဖြစ်ကြောင်းလည်း မြန်မာ နိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်က ပြောကြားသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားနိုင်ငံသို့ ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့က စတင်သွားရောက်နေခြင်းဖြစ်ပြီး ခရီးစဉ်အတွင်း ၈ ကြိမ်မြောက် မော်စကို နိုင်ငံတကာလုံခြုံရေးညီလာခံသို့ တက်ရောက်ခြင်း၊ ရုရှားအစိုးရနှင့် တွေ့ဆုံခြင်း၊ စက်ရုံအလုပ်ရုံများနှင့် အထင်ကရနေရာများကို လည်ပတ်ကြည့်ရှုခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်ချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

“ဒါက စာပို့ရုံနဲ့မရဘူး၊ ဒီလောက်တော့ မလွယ်ဘူးပေါ့။ တပ်ချုပ်ကလည်း အခု ရုရှားရောက်နေတယ်။ သူ့ခရီးစဉ်ပြီးရင် ကောင်စီနဲ့ ဆွေးနွေးရမယ်”ဟု ၎င်းက ဆိုသည်။

တပ်မတော်အနေနှင့် သတင်း မီဒီယာများအပြင် တက်ကြွလှုပ်ရှားသူများဖြစ်ကြသည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ဦးနေမျိုးဇင်၊ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်များကိုလည်း တရားစွဲဆိုမှုများ ယခုလအတွင်း ဆက်တိုက်ဆိုသလို ပြုလုပ်ခဲ့သည်။

J-08