News

POST TYPE

LATEST NEWS POST

ကင်ဂျုံအန်းနှင့် ဗလာဒီမာပူတင်တို့ ရုရှား၌ မကြာမီတွေ့ဆုံမည်
24-Apr-2019


မော်စကို၊ ဧပြီ ၂၃

မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာ၏ အတည်ပြုချက်အရ ကွန်မြူနစ်ခေါင်းဆောင် ကင်ဂျုံအန်းသည် မကြာမီကာလတွင် ရုရှားနိုင်ငံသို့ သွားရောက်လည်ပတ်ပြီး သမ္မတဗလာဒီမာပူတင်နှင့် တွေ့ဆုံမည်ဖြစ်သည်ဟု သိရကြောင်း BBC သတင်းဌာနက ကိုးကားဖော်ပြသည်။ 

မည်သည့်နေ့ရက်တွင် ရုရှားသို့ ကင်ဂျုံအန်းသွားရောက်မည်ကို အတိအကျ ထုတ်ပြန်ကြေညာခြင်းမရှိသေးသော်လည်း ကရင်မလင် (ရုရှားအစိုးရ) က ခေါင်းဆောင်နှစ်ဦးသည် ဧပြီလဝက်ကျော်သီတင်းပတ်အတွင်း တွေ့ဆုံကြလိမ့်မည်ဟု ဆိုသည်။ 

ပြီးခဲ့သည့် ဖေဖော်ဝါရီလက ဟနွိုင်းတွင် အမေရိကန် သမ္မတထရမ့်နှင့် ဒုတိယကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲ အောင်မြင်မှု မရရှိဘဲ ဖြစ်ခဲ့ရပြီးနောက် မြောက်ကိုရီးယားအတွက် အရေးကြီးသော အနေအထားနှင့် တွေ့ဆုံနေရစဉ် ကင်ဂျုံအန်းနှင့် ပူတင်တို့တွေ့ဆုံရန် စီစဉ်ခြင်းဖြစ်သည်။ 

၎င်းတို့နှစ်ဦးတွေ့ဆုံပွဲတွင် မြောက်ကိုရီးယားရော၊ ရုရှားပါ မတူညီသည့် အာဂျင်ဒါများကို ထည့်သွင်းဆွေးနွေးကြလိမ့်မည်ဟု ယုံကြည်ရသည်။ တွေ့ဆုံပွဲကိုမူ ရုရှားနိုင်ငံအရှေ့ပိုင်း ဗလာဒိုစတော့မြို့တွင် ပြုလုပ်လိမ့်မည်ဟု မျှော်လင့်ရသည်။ 

ရုရှားသည် ဆိုဗီယက်ယူနီယံ လက်ထက်က မြောက်ကိုရီးယားနိုင်ငံ၏ ပင်မမဟာမိတ်နိုင်ငံဖြစ်ခဲ့သည်။ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ ယဉ်ကျေးမှု ဖလှယ်ရေးနှင့် အကူအညီအထောက်အပံ့ပေးရေး စသည်တို့ပြုလုပ်ခဲ့ကြသည်။ မြောက်ကိုရီးယား၏ နျူကလီးယား နည်းပညာသည်လည်း ရုရှားနိုင်ငံက ပံ့ပိုးကူညီခဲ့ခြင်းဖြစ်သည်။ 

သို့သော် ဆိုဗီယက်ယူနီယံ ပြိုလဲသွားပြီးနောက် မော်စကိုနှင့် ပြုံယမ်း ဆက်ဆံရေးမှာ ထိခိုက်ပျက်ပြားလာခဲ့သည်။ 

နိုင်ငံရေးအယူဝါဒတူညီမှုလည်း မရှိသလောက်ဖြစ်ခဲ့သလို မြောက်ကိုရီးယားအပေါ် ကူညီထောက်ပံ့မှုများလည်း မရှိသလောက်ပင်ဖြစ်ခဲ့သည်။ 

မြောက်ကိုရီးယားသည် နိုင်ငံတကာ ဈေးကွက်ပေါက်ဈေးအတိုင်း ပေးချေနိုင်ခြင်းမရှိသောကြောင့် ရုရှားအတွက် ဆွဲဆောင်မှုရှိသော ကုန်သွယ်ရေးမိတ်ဖက်အဆင့်သို့ မရောက်ရှိခဲ့ပေ။ 

F-01





  • VIA