News

POST TYPE

LATEST NEWS POST

မိုးကုတ်တွင် ကျောက်တွင်းဟောင်းပြိုကျ၍ နှစ်ဦးသေဆုံး
23-Apr-2019

မန္တလေး၊ ဧပြီ ၂၃

မိုးကုတ်မြို့ ကျပ်ပြင်ရပ် ဘော်လုံးကြီးကျေးရွာရှိ ကျောက်မျက်တူးဖော်ရေးလုပ်ကွက်ဟောင်းတစ်ခု ဧပြီလ ၂၂ ရက်နေ့ နေ့လည်ပိုင်းက ပြိုကျရာ အတွင်း၌ ကျောက်ဝင်ရှာသည့် တွင်းလုပ်သားနှစ်ဦး ကျောက်တုံးများပိကာ သေဆုံးခဲ့ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ဦးလှိုင်မင်းထွန်း (၃၂ နှစ်) နှင့် စိုင်းဖခေါင်း (၂၃ နှစ်) တို့နှစ်ဦးသည် တွင်းနံရံကိုတူးဆွကာ ကျောက်ရှာနေစဉ် ပြိုကျပြီး ကျောက်တုံးများပိခဲ့သည့်အတွက် တစ်ဦးတွင် ဦးခေါင်းပိုင်းပေါက်ပြဲဒဏ်ရာများရရှိခဲ့သကဲ့သို့ တစ်ဦးမှာ အောင်ပိုင်းတစ်ခုလုံး ဒဏ်ရာအပြင်းအထန်ရရှိကာ သေဆုံးခဲ့ကြောင်း ယင်းရဲတပ်ဖွဲ့၏ မှတ်တမ်းအရ သိရသည်။

၎င်းတို့ နှစ်ဦး၏ သေဆုံးမှုနှင့် ပက်သက်ပြီး အမှန်တကယ် ကျောက်တုံးပိကာသေဆုံးခြင်းဟုတ်မဟုတ်ကို ရဲတပ်ဖွဲ့က စစ်ဆေးနေကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

မိုးကုတ်ဒေသရှိ တွင်းလုပ်သားများသည် ဝမ်းရေးအတွက် သက်တမ်းကုန် လုပ်ကွက်များအတွင်းသို့ ဝင်ရောက်ကာ ကျောက်တူးဖော်ရှာဖွေနေကြရပြီး နံရံပြိုကျကာ ပိခြင်း၊ ကျန်ဖတ် (တွင်းမျက်နှာကြတ်တွင် မိုးခွဲစဉ်ကပြိုမကျဘဲ ကျန်ရှိနေသည့် ကျောက်သား၊ မြေသားများ) ပြိုကျကာ ပိခြင်းဖြစ်၍ သေဆုံးရခြင်းများ မကြာခဏကြုံတွေ့နေကြောင်း ယင်းဒေသခံများထံမှ သိရသည်။

M-04