News

POST TYPE

LATEST NEWS POST

မိတ္ထီလာတွင် မူးယစ်ဆေးသုံးစွဲရောင်းချသူ သုံးဦးဖမ်းမိ
26-Mar-2019

မိတ္ထီလာ၊ မတ် ၂၆

မိတ္ထီလာမြို့ ပြည်သာယာတောင်ရပ်ကွက်ရှိ ငွေပိုးဝင်မိုတယ်တွင် မတ်လ ၂၅ ရက် ညနေပိုင်းက လာရောက်တည်းခိုသူ လူငယ်နှစ်ဦးနှင့် ဆက်စပ်ရောင်းဝယ်သူတစ်ဦးတို့ကို ဖမ်းမိခဲ့ကြောင်း မိတ္ထီလာခရိုင်မှုခင်း တပ်ဖွဲ့ထံမှ သိရသည်။

“ဒီကောင်လေးတွေက သာစည်သားတွေ။ ဒီမှာလာတည်းတာ။ နာရီဝက်အတွင်းမှာ တည်းခိုခန်းက သတင်းပေးလို့ မိတာ။ တည်းခိုခန်းက မသင်္ကာလို့ လှမ်းပြောတာ”ဟု ပြည်သာယာတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမင်းမင်းက ပြောကြားသည်။

မူးယစ်ဆေးသတင်းအရ ငွေပိုးဝင်မိုတယ်သို့ သွားရောက်စစ်ဆေးရာ အခန်းအမှတ် (၁၁၀) တွင် သာစည်မြို့ အမှတ် (၄) ထိန်ကန်ရပ်မှ သုငြိမ်းဦး (ခ) မှန်ကြီး (၂၀ နှစ်) နှင့် သာစည်မြို့ အမှတ် (၁)ချမ်းသာကြီးရပ်မှ ထက်အာကာ (ခ) ကိုထက် (၂၀ နှစ်) တို့နှစ်ဦးထံမှ 88/1 စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀ ကျော်၊ ငွေစက္ကူ ကျပ်ကိုးသောင်း၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ အရိုး/အသွား (၉) လက်မခန့်ရှိ ဓားဦးချွန် (၁) ချောင်း၊ ဖုန်း ၂ လုံးနှင့် ဆိုင်ကယ်တစ်စီးတို့ကို သိမ်းဆည်းခဲ့ပြီး ၎င်းတို့ကို စစ်မေးရာ လွန်ခဲ့သောသုံးရက်ခန့်က ယင်းဆေးပြားများကို ရမည်းသင်းမြို့နယ် လွှစင်ရွာနေ ကျော်စိုးထံမှ ဝယ်ခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်း မိတ္ထီလာခရိုင်မှုခင်းတပ်ဖွဲ့ထံမှ သိရသည်။

ဆက်လက်၍ ယင်းနေ့ ည ၇ နာရီခန့်တွင် ကျော်စိုး (၃၁ နှစ်) ထံသို့ ဖမ်းမိသောလူငယ်နှစ်ဦးမှတဆင့် မူးယစ်ဆေးဝယ်ယူမည်ဟု ဖုန်းဖြင့်ချိတ်ဆက်ပြီး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၈၀ အနီး လူသွားလမ်း၌ စောင့်ဆိုင်းနေစဉ် ည ၁ဝ နာရီခန့်တွင် ဆိုင်ကယ်ဖြင့် ကျော်စိုးရောက်ရှိလာ၍ ရှာဖွေရာ ၎င်းထံမှ 88/1 စာတန်းပါပန်းရောင် စိတ်ကြွဆေးပြား ၁၂၀၀ နီးပါး၊ ငွေစက္ကူရောရာ ကျပ် ၇၇,၀၀၀ ကျော်တို့ကို တွေ့ရှိ၍ စစ်မေးရာ အဆိုပါဆေးပြားများကို ယခုနှစ် မတ်လ ၂၅ ရက် ညနေ ၅ နာရီခန့်က ရမည်းသင်းမြို့နယ် ကျောက်ကြားကျေးရွာနေ ဇာနည်မောင်ထံမှ ဆေးပြား ၂၀၀ ပြားပါ (၆) ထုပ်ကို ကျပ် ၄၈၀,၀၀၀ ဖြင့် ဝယ်ယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သုငြိမ်းဦး (ခ) မှန်ကြီးနှင့် ထက်အာကာ (ခ) ကိုထက် (၂၀ နှစ်) တို့ကို မိတ္ထီလာမြို့ အမှတ် (၃) နယ်မြေရဲစခန်းမှ မူး/စိတ် ပုဒ်မ-၁၉ (က)/၂၀ (က)/၂၁/၂၂ (ခ) ဖြင့်လည်းကောင်း၊ ကျော်စိုးနှင့် ဇာနည်မောင်တို့ (၂) ဦးကို အလည်ရွာရဲကင်းစခန်းမှ မူး/စိတ် ပုဒ်မ-၁၉ (က)/၂၀ (က)/၂၁ ဖြင့်လည်းကောင်း အမှုအသီးသီးဖွင့်၍ အရေးယူထားကြောင်း ယင်းရဲစခန်းများထံမှ သိရသည်။

R-01