News

POST TYPE

LATEST NEWS POST

ဂုတ်ထိပ်တံတားသစ်စီမံကိန်း ယခုနှစ်ကုန်စနိုင်ရန်စီစဉ်
24-Mar-2019

မန္တလေး၊ မတ် ၂၄

မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းပိုင်းရှိ ဂုတ်ထိပ်တံတားအနီးတည်ဆောက်မည့် တံတားသစ်ကို ယခုနှစ်ကုန်တွင် စတင်ပြုလုပ်နိုင်ရန် စီစဉ်နေကြောင်း စီမံကိန်းကို တာဝန်ယူတည်ဆောက်နေသည့် Oriental Highway ကုမ္ပဏီထံမှ သိရသည်။

လက်ရှိတွင် မြေယာလျော်ကြေးပေးအပ်ခြင်း ကိစ္စရပ်များကို နိုင်ငံတော်အစီအစဉ်ဖြင့် ပေးလျော်နေပြီး ၉၃ ရာခိုင်နှုန်းခန့် ပေးပြီးဖြစ်ကြောင်း ယင်းကုမ္ပဏီ ဒါရိုက်တာ ဦးမောင်ကျေးက ပြောကြားသည်။

“လျော်ကြေးပြီးသွားရင် MIC ရဲ့ ခွင့်ပြုချက်ရရေး ဆက်လုပ်ဖို့ရှိတယ်။ ဒါပြီးရင် လမ်းစဖောက်လို့ရပြီ။ အချိန်အနေနဲ့ကတော့ ပြောဖို့ခက်တယ်။ ကျွန်တော်မှန်းထားတာကတော့ ဒီနှစ်မကုန်ခင် စနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်”ဟု ၎င်းက ပြောကြားသည်။

အဆိုပါတံတားအသစ်ကို လက်ရှိဂုတ်ထိပ်တံတား၏ အရှေ့ဘက်တွင် အပြိုင်တည်ဆောက်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာသန်း ၁၅၀ ခန့်ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း Oriental Highway ကုမ္ပဏီထံမှ သိရသည်။

တံတားနှင့် လမ်းသစ်ဖောက်လုပ်မည့် စီမံကိန်းသည် မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းပိုင်းတွင် တည်ရှိပြီး ယင်းလမ်းပိုင်းတွင်ပါဝင်သည့် မန္တလေး-ပြင်ဦးလွင်-နောင်ချိုလမ်း (မန္တလေး-ပြင်ဦးလွင်အပိုင်း) နှင့် မြစ်ငယ်-ထုံးဘို-ပြင်ဦးလွင် လမ်းပိုင်း ၄ လမ်းသွားလမ်းကို မတ်လ ၁၉ ရက်နေ့က ဖွင့်လှစ်ခဲ့သည်။

M-05