News

POST TYPE

LATEST NEWS POST

လွိုင်ကော် ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ဧပြီလမကုန်မီ အပြီးသတ်အဖြေရှာမည်
21-Mar-2019



တောင်ငူ၊ မတ် ၂၀

လွိုင်ကော်မြို့ ကန္ဒဟေဝန်ပန်းခြံရှိ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနှင့်ပတ်သက်၍ ငါးပွင့်ဆိုင်ဆွေးနွေးပွဲကို မတ်လ ၂၀ ရက်က ယင်းမြို့တွင် ပြုလုပ်ရာ ဧပြီလမကုန်မီ လေးပွင့်ဆိုင်ပြန်လည်တွေ့ဆုံ၍ အားလုံးလက်ခံနိုင်သော ဖြေရှင်းချက်ရရှိရေး အပြီးသတ် ဆွေးနွေးညှိနှိုင်းရန် ယင်းအစည်းအဝေးတွင် သဘောတူညီခဲ့ကြသည်။ 

မတ်လ ၂၀ ရက် အစည်းအဝေးတွင် ကယားပြည်နယ်အစိုးရအဖွဲ့၊ ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီ၊ ကရင်နီပြည်နယ် လူငယ်များ အင်အားစုကော်မတီအပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီတို့ ငါးပွင့်ဆိုင်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ 

ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီက ကြေးရုပ်ကို အစိုးရထံ ပြန်လည်လွှဲပြောင်းပေးလိုက်ပြီဖြစ်၍ သက်ဆိုင်မှုမရှိတော့သဖြင့် နောက်ထပ်ဆွေးနွေးမှုများတွင် ပါဝင်ဆွေးနွေးခွင့်ရှိတော့မည်မဟုတ်ဘဲ နောက်ဆွေးနွေးမှုများတွင် လေးပွင့်ဆိုင်သာဖြစ်ကြောင်း ပါဝင်ဆွေးနွေးခဲ့သည့် ကရင်နီပြည်လူငယ်များထံမှ သိရှိရသည်။

ကရင်နီလူငယ်အဖွဲ့မှ ပြောရေးဆို ခွင့်ရှိသူ ဂူးဂူး(ခ) ခွန်ကြူးခူးရယ်ထံ မတ်လ ၂၀ ရက် သဘောတူညီမှုအပေါ်မေးမြန်းရာ ၎င်းက “အဲဒီဆွေးနွေးပွဲ (နောက်ဆွေးနွေးမှုများ) မှာ အဖြေထွက်အောင်လုပ်မယ်။ ဆိုလိုတာက ဧပြီ ၁ ရက်နေ့မှာ အဖြေထွက်တဲ့ ဆွေးနွေးမှုလုပ်မယ်”ဟု ပြန်လည်ဖြေကြားသည်။

ပြည်နယ်အစိုးရ၏ သဘောထားမှာ ဗိုလ်ချုပ်ရုပ်တုကို လက်ရှိအတိုင်းထားပြီး ယင်းနေရာတွင် ဗိုလ်ချုပ်၏ ကတိကဝတ်များ၊ ပင်လုံစာချုပ်ပါအချက်များ စသည့်တို့ကို နှစ်ဖက်ညှိနှိုင်း၍ ကမ္ပည်းကျောက်စာများ ထားရှိရန်နှင့် ဗိုလ်ချုပ်ကြေးရုပ်နှင့်အတူ ကရင်နီတိုင်းရင်းသားခေါင်းဆောင်တစ်ဦး၏ ရုပ်တုကိုလည်းထားရှိရန် သဘောထားရှိသည်။

ကရင်နီပြည်လူငယ်များ အင်အားစု သပိတ်ကော်မတီကမူ ဗိုလ်ချုပ်ကြေးရုပ်တုကို ပြည်နယ်ပြင်ပသို့ ရွှေ့ပြောင်းပေးရန်၊ အဆင်မပြေပါက အများနှင့် မသက်ဆိုင်သည့်နေရာ (ဥပမာ - NLD ရုံး၊ ပရဟိတရုံး) တွင် ထားရှိရန် သဘောထားရှိနေကြခြင်းဖြစ်သည်။  

R-15