News

POST TYPE

LATEST NEWS POST

သဗ္ဗေညုဘုရားကို မိုးရာသီမတိုင်အမီ ပြင်ဆင်ရန် တရုတ်နှင့်ဆွေးနွေး
18-Mar-2019

မန္တလေး၊ မတ် ၁၈

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ငလျင်ဒဏ်သင့် သဗ္ဗေညုဘုရားကို မိုးရာသီမတိုင်မီ ပြုပြင်ထိန်းသိမ်းမှုများပြုလုပ်နိုင်ရန် တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီမှ ဒုတိယဝန်ကြီး Mr.Deng Boqing နှင့် ဆွေးနွေးထားကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)ထံမှ သိရသည်။

သဗ္ဗေညုဘုရား ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်နိုင်ရန်အတွက် တရုတ်နိုင်ငံနှင့် နားလည်မှု စာချွန်လွှာကို ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက လက်မှတ်ရေးထိုးထားခဲပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီမှ ဒုတိယဝန်ကြီး Mr. Deng Boqing နှင့် ကိုယ်စားလှယ်အဖွဲ့သည် ယခုနှစ် မတ်လ (၁၅) ရက်က ပုဂံသို့ရောက်ရှိလာခဲ့ချိန် ဆွေးနွေးခဲ့ခြင်းဖြစ်ကြာင်း ယင်းဌာနထံမှ သိရသည်။

သဗ္ဗေညုဘုရားကို မိုးရာသီတွင် ပြင်ဆင်မည်ဆိုပါက မိုးရေများ စိမ့်ဝင်စီးဆင်းမှုကြောင့် ပိုမိုအန္တရာယ်ဖြစ်စေနိုင်သည့်အတွက် မိုးရာသီမတိုင်မီ တရုတ်နိုင်ငံမှ ဆောလျင်စွာ ကူညီပြုပြင်ပေးနိုင်မည်ဆိုပါက အကောင်းဆုံး သင့်လျော်ကြောင်း ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြောင်း အဆိုပါဌာန (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦအောင်အောင်ကျော်က ပြောကြားသည်။

“မိုးရာသီမတိုင်ခင် ဆောင်ရွက်နိုင်ဖို့ရာအတွက် အမြန်ဆုံး လုပ်ဆောင်သွားမယ်လို့တော့ ပြောသွားတယ်။ MoU ထိုးထားပြီးသား ဖြစ်ပါတယ်။ သူတို့ဘက်က လုပ်ငန်းစဉ်လေးတွေက နည်းနည်း ကြာနေတယ်။ ဘတ်ဂျက်တင်တောင်းတာ။ အစုအဖွဲ့ ဖွဲ့တာတွေ၊ အဆင့်ဆင့် တင်ပြရတာတွေ ရှိနေတယ်။ သို့သော်လည်း သူတို့လုပ်သည့်ဖြစ်စေ မလုပ်သည်ဖြစ်စေ ကျွန်တော်တို့က လုပ်မှာပဲ။ မိုးရာသီအတွင်းမှာ ခံနိုင်ရေရှိအောင် ဆက်လုပ်သွားမယ်”ဟု ၎င်းကပြောကြားသည်။

၂၀၁၆ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့ လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် သဗ္ဗေညုဘုရား၏ အပေါ်ပိုင်းကွမ်းတောင် အခြေကွဲအက်ခြင်းနှင့် ကွမ်းတောင်အောက်ခြေတိုင်များ ပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့ရသည်။

အဆိုပါဘုရားသည် ကွမ်းတောင်ပေါက်လိုဏ်လေးဆင့်ဂူဘုရားဖြစ်ပြီး အလောင်းစည်သူမင်းက အေဒီ ၁၁၄၄ က တည်ထားခဲ့ပြီး ယင်းဘုရားသည် ဉာဏ်တော်အမြင့် ပေ ၂၁၀ ဖြင့် ပုဂံဘုရားများအနက် ဉာဏ်တော် အမြင့်ဆုံးဘုရား တစ်ဆူဖြစ်သည်။

M-05