News

POST TYPE

LATEST NEWS POST

ချောက်ရှိ အကြီးစားစက်ရုံကို ပုဂ္ဂလိကသို့ နှစ်ရှည်ငှားရမ်းမည်
18-Mar-2019
ရန်ကုန်၊ မတ် ၁၈

စက်မှုဝန်ကြီးဌာန အမှတ်၂ အကြီးစားစက်မှုလုပ်ငန်း အမှတ် ၃၅ အကြီးစားစက်ရုံ (ချောက်) ကို Myanmar Electrical Business Group Public ကုမ္ပဏီသို့ နှစ်ရှည်ငှားရမ်းနိုင်ရေးအတွက် သဘောတူစာချုပ်ချုပ်ဆို ခဲ့ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

စက်ရုံငှားရမ်းရေးသဘောတူစာချုပ်ကို မတ်လ ၁၅ ရက်နေ့က နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနရုံးအမှတ် ၃၀ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်အတွက် နိုင်ငံပိုင်သတင်းစာများမှ စိတ်ဝင်စားမှု ဖော်ပြခြင်း အဆိုပြုလွှာခေါ်ယူခဲ့ပြီး စီးပွားရေးခိုင်မာတောင့်တင်းမှု၊ ထုတ်လုပ်မှုနည်းပညာ အခြေခံမြင့်မားမှု တို့အပေါ်မူတည်၍ လူငယ်စက်မှုလုပ်ငန်းရှင် ၁၅ ဦးဖြင့် ဖွဲ့စည်းထားသည့် Myanmar Electrical Business Group Public ကုမ္ပဏီကို ရွေးချယ်ခဲ့ပြီး စီးပွားရေးရာကော်မတီ၏ ခွင့်ပြုချက်ဖြင့် ငှားရမ်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

လတ်တလော အဆိုပါကုမ္ပဏီအနေဖြင့် နည်းပညာမြင့် ကြွေသီးထုတ်လုပ်သည့် စက်များ မှာယူတပ်ဆင်ခြင်း၊ စက်ရုံဝန်ထမ်းများကို ပြည်ပစေလွှတ်၍ နည်းပညာများ လေ့လာစေခြင်း၊ ထုတ်လုပ်မှုနည်းစနစ်များ မှန်ကန်စေရန် ပြည်ပမှနည်းပညာအကြံပေးပုဂ္ဂိုလ်များ ခေါ်ယူဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်နေကြောင်း စက်မှုဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါကုမ္ပဏီသည် တစ်နှစ်လျှင် ကြွေသီးအမျိုးမျိုးတန်ချိန် ၃၀၀၀ ခန့် ထုတ်လုပ်မည်ဖြစ်ပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ သတ်မှတ်စံနှုန်းများအတိုင်းထ ုတ်လုပ်ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီက ဆိုသည်။

ပြည်တွင်းတွင် ကြွေသီးများထုတ်လုပ်ခြင်းဖြင့် ပြည်ပသွင်းကုန်လျှော့ချနိုင်ခြင်း၊ နိုင်ငံခြားငွေခြိုးခြုံ ချွေတာနိုင်ခြင်း၊ ဒေသတွင်းပြည်သူများကို အလုပ်အကိုင်အခွင့်အလမ်းများပေးနိုင်ခြင်း၊ ပြည်တွင်း လုပ်ငန်းရှင်များကို အထောက်အပံ့ပေးနိုင်မည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

J-11