News

POST TYPE

LATEST NEWS POST

ကျောင်းကားစည်းကမ်းချက် ဆယ့်နှစ်ချက် ယာယီဆိုင်ငံပေးရန် လုပ်ငန်းရှင်များ တောင်းဆို
23-Feb-2019

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ရန်ကုန်တိုင်းအတွင်းရှိ အခြေခံပညာကျောင်းများတွင် ပြေးဆွဲနေသည့် ကြို/ပို့ ယာဉ်များ လိုက်နာရမည့် စည်းကမ်းချက် ဆယ့်နှစ်ချက်ကို ယာယီ ဆိုင်းငံပေးရန် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြ တောင်းဆိုထားကြောင်း ကျောင်းကြို/ပို့ လုပ်ကိုင်နေသူများက ပြောကြားသည်။

“ကျောင်းကား အရည်အသွေး စံသတ်မှတ်ချက် ဆယ့်နှစ်ချက်နဲ့က လာမယ့် သုံးလေးလအတွင်း လာမဲ့ပညာသင်နှစ်အမီ သတ်မှတ်ကားတွေ ဝယ်နိုင်ဖို့က ဘယ်လိုမှ အဆင်မပြေဘူး။ ကျောင်းကားလောကမှာ ဘယ်သူ့ထောက်ပံ့မှုမှမရှိဘဲ တစ်နိုင်တစ်ပိုင် လုပ်ကိုင်စားနေရနဲ့ စားဝတ်နေရေးတွေပါ ဒုက္ခ ရောက်လာတယ်”ဟု ကျောင်းကားလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးဇင်အောင်က ပြောကြားသည်။

ဗိုလ်တထောင်မြို့နယ်၊ Orchid ဟိုတယ်တွင် ဖေဖော်ဝါရီလ ၂၃ ရက် နံနက်ပိုင်းက ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာကျောင်းပေါင်းစုံမှ ကျောင်းကြို/ပို့ လုပ်ကိုင်နေသူများ၏ သတင်းစာရှင်းလင်းပွဲတွင် လုပ်ငန်းရှင်များက သတ်မှတ်ထားသည့် စည်းကမ်းချက်များကို ယာယီ ဆိုင်းငံပေးရန် တောင်းဆိုကြခြင်းဖြစ်သည်။

သတ်မှတ်ထားသည့် စည်းကမ်းချက် ၁၂ ချက်အနက် ဘယ်မောင်းယာဉ်ဖြစ်၍ ယာဉ်၏ညာဘက်တွင် အတက် အဆင်း တံခါးပေါက် ပါရှိရမည်ဟု ပါရှိခြင်းကြောင့် လက်ရှိပြေးဆွဲနေသော ကျောင်းကြို/ပို့ယာဉ် အများစုသည်  ဂျပန်နိုင်ငံထုတ် ညာမောင်းဘယ်ဖွင့်ကားများဖြစ်ပြီး ၈ ယောက်စီး၊ ၉ ယောက်စီး ယာဉ်များ ပါဝင်နေကြောင်း စသည့် အခက်အခဲဖြစ်ပေါ်နေကြောင်း ကျောင်းကြို/ပို့ လုပ်ငန်းရှင်များက ဝေဖန်သည်။

ထို့ကြောင့် သတ်မှတ်စည်းကမ်းချက်များပါ ကိုရီးယားနိုင်ငံထုတ် ၂၅ ယောက်စီး ကျောင်းကားအသစ်တစ်စီး၏တန်ဖိုးမှာ အခွန်မပါ ကျပ်သိန်း ငါးရာနီးပါး ကုန်ကျမည်ဖြစ်ခြင်းကြောင့် ၎င်းတို့မှာ အခက်အခဲများဖြင့် ရင်ဆိုင်နေရကြောင်း လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“အရစ်ကျစနစ်နဲ့ ရောင်းပေးမယ်ဆိုတောင် လစဉ်ဆပ်နိုင်ဖို့ မလွယ်ဘူး။ ကျွန်တော်တို့ ဝင်ငွေ/ထွက်ငွေနဲ့ ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ဘူး”ဟု ၎င်းကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားထားသည့် စည်းကမ်း ၁၂ ချက်တွင် ယာဉ်မောင်းသူသည် အနိမ့်ဆုံး (ဃ) လိုင်စင် ယာဉ်မောင်းလိုင်စင်ရရှိပြီးသူ ဖြစ်ရမည်အပြင် ဘယ်မောင်း ယာဉ်(Left Hand Drive)နှင့် ယာဉ်၏ညာဘက် (Right Hand Side) တွင် အတက်အဆင်း တံခါးပေါက်ပါရှိရန်ဖြစ်ပြီး လုံခြုံစိတ်ချသော သော့စနစ် တပ်ဆင်ထားရမည်ဟု ဖော်ပြထားသည်။

“စည်းကမ်းချက်တွေထဲမှာ (ဃ) လိုင်စင်နဲ့ ရန်ကုန်မြို့တွင်းသာလို့ စည်းကမ်းကန့်သတ်ချက်ကြီး ပါလာတယ်။ မြို့ပြင်ကို အရေးပေါ်ကိစ္စနဲ့သွားမယ်ဆိုတောင် ကျွန်တော်တို့က ဒဏ်ကြေးဆောင်ပြီးမှ သွားရမယ့် အခြေအနေနဲ့ ရင်ဆိုင်ရတယ်”ဟု ကျောင်းကားလုပ်ငန်းရှင်များက ဆိုသည်။ 

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ကျောင်းကားလုပ်ငန်းရှင် တစ်ရာကျော် တက်ရောက်ခဲ့ပြီး ၎င်းတို့ ကြုံတွေ့နေရသည့် အခက်အခဲများကို ရှင်းလင်းခဲ့ကြသည်။

J-17