News

POST TYPE

LATEST NEWS POST

ကလေးကင်ဆာဝေဒနာရှင်များ နာကျင်မှုသက်သာစေရေးစင်တာ ဖွင့်လှစ်ကုသ
19-Feb-2019

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

ကင်ဆာဝေဒနာခံစားနေရသည့် ကလေးများ ရောဂါမသက်သာ၍ အသက်ဆုံးရှုံးရမည့် အခြေအနေမျိုး၌ နာကျင်မှုဝေဒနာကို တတ်နိုင်သမျှ လျော့ပါးစေရေး ရည်ရွယ်ချက်ဖြင့် နာကျင်မှု သက်သာစေရေးစင်တာ ဖွင့်လှစ်ကုသပေးလျက်ရှိကြောင်း ရန်ကုန်ကလေးအထူးကုဆေးရုံကြီး၊ ပါမောက္ခ ဒေါက်တာအေးအေးခိုင်က ပြောကြားသည်။

ထိုကဲ့သို့ စင်တာများကို ရန်ကုန်ကလေးဆေးရုံကြီး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် မြောက်ဥက္ကလာပဆေးရုံကြီးတို့တွင် ဖွင့်လှစ်ကုသပေးလျက်ရှိကြောင်း၊ ထို့ပြင် ပုသိမ်၊ မုံရွာ၊ မကွေး၊ တောင်ကြီး၊ မော်လမြိုင်နှင့် နေပြည်တော်တို့၌လည်း စင်တာငယ်များ ဖွင့်လှစ်ထားကြောင်း ရန်ကုန်ကလေးအထူးကုဆေးရုံကြီးထံမှ သိရသည်။

“ရောဂါကုတာက တစ်ပိုင်း၊ ဝေဒနာပျောက်ကင်းအောင် လုပ်တာက တစ်ပိုင်း၊ လူ့ဘဝနေတဲ့အချိန်တိုတွင်းမှာ ငြိမ်းအေးတဲ့ဘဝလေးတွေကို ဖန်တီးပေးချင်တယ်။ နေ့တိုင်းဝေဒနာကိုအန်တုပြီး သက်သာအောင် လုပ်ပေးချင်တာပါ။ ဒါမျိုးကုသပေးတာကို အရင်ကလုပ်ပေးပေမယ့် ဒီနှစ်ကစပြီးတော့ သတ်သတ်မတ်မတ် လုပ်ဆောင်ပေးတာပါ”ဟု ရန်ကုန်ကလေးအထူးကုဆေးရုံကြီးမှ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာတင့်မျိုးနှင်းက ဆိုသည်။

အဆိုပါစင်တာ၌ ဆရာဝန်၊ သူနာပြု၊ အကြံပေးနှင့် စေတနာ့ဝန်ထမ်းများမှ ကင်ဆာဝေဒနာရှင် ကလေးငယ်များ၏ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လူမှုရေးပိုင်းနှင့် ယုံကြည်မှုပိုင်းဆိုင်ရာ ကုသမှုများကို ကလေးတစ်ဦးချင်းစီ၏ လိုအပ်ချက်အလိုက် ကုသပေးခြင်းဖြစ်ကြောင်း ဒေါက်တာတင့်မျိုးနှင်းက ဖြည့်စွက်ပြောကြားသည်။

ကမ္ဘာပေါ်တွင် ကလေးကင်ဆာရောဂါဖြစ်ပွားသူ ၃၀ ရာခိုင်နှုန်းသာ အသက်ရှင်သန်နိုင်ပြီး ကျန်သည့် ၆၀ ရာခိုင်နှုန်းသည် အသက်ဆုံးရှုံးကြကြောင်း၊ မြန်မာနိုင်ငံတွင် ကလေးကင်ဆာရောဂါနှင့် ပတ်သက်၍ ဖြစ်ပွားနှုန်း အတိအကျ မရှိသေးသော်လည်း တစ်နှစ်လျှင် ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေရှိသည့် ကလေးငယ်ပေါင်း ၁,၅၀၀ ခန့်ရှိကြောင်း၊ အဆိုပါ ရန်ကုန်ကလေးဆေးရုံကြီးတွင် ၂၀၁၈ ခုနှစ်စာရင်းများအရ ကလေးကင်ဆာဖြစ်ပွားသူဦးရေ ၃၇၂ ဦးရှိခဲ့ပြီး သွေးကင်ဆာရောဂါသည် ဖြစ်ပွားမှု အများဆုံးဖြစ်ကြောင်း ပါမောက္ခ ဒေါက်တာအေးအေးခိုင်က ပြောကြားသည်။

J-12