News

POST TYPE

LATEST NEWS POST

လင်မယားစကားများရာမှ အပြန်အလှန် ဓားဖြင့်ထိုးသတ်
19-Feb-2019

တောင်ငူ၊ ဖေဖော်ဝါရီ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ အင်္ဂနီကျေးရွာတွင် ဖေဖော်ဝါရီ ၁၇ ရက် ညပိုင်းက လင်မယား စကားများရန်ဖြစ်ကြရာမှ အပြန်အလှန် ဓားဖြင့်ထိုးသတ်သဖြင့် နှစ်ဦးစလုံး သေဆုံးခဲ့ကြောင်း အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ကျွန်တော်တို့ရောက်တဲ့အချိန် နှစ်ယောက်စလုံး သွေးအိုင်ထဲမှာ လဲကျနေပြီ။ သေဆုံးတဲ့ အမျိုးသမီးအမေ ပြောပြချက်အရ ဖုန်းဆက်ထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး စကားများကြတယ်လို့ သိရတယ်။ အမျိုးသမီးကို ဓားနဲ့ထိုးချိန် ပြန်လုပြီး အမျိုးသားလည်း ဓားနဲ့ထိုးခံခဲ့ရတာလို့ သိရပါတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါရွာနေ ဦးဝင်းခိုင်(၄၄ နှစ်)နှင့် ဒေါ်ချို(၅၁ နှစ်)တို့ စကားများရာ ဦးဝင်းခိုင်က ဇနီးဖြစ်သူကိုဓားဖြင့်ထိုးစဉ် ဓားကိုလုရာ ဦးဝင်းခိုင်၏ဗိုက်တွင် ထိုးသွင်းဒဏ်ရာ ရခဲ့ကြောင်း၊ ဒေါ်ချိုကမူ ဗိုက်တွင်ထိုးသွင်းဒဏ်ရာ လေးချက်ဖြင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ ဦးဝင်းခိုင်ကို နောက်နေ့မနက် ၃ နာရီတွင် ဆေးရုံပို့ရာ သေဆုံးခဲ့ကြောင်း ယင်းအုပ်ချုပ်ရေးမှူးရုံးထံမှ သိရှိရသည်။

စကားများ ရန်ဖြစ်ကြသည့် အကြောင်းအရင်း ဖုန်းဆက်ထားသည့်ကိစ္စနှင့်ပတ်သက်၍မူ အတိအကျ မသိရပေ။ ထိုသို့ လင်မယား အပြန်အလှန် ဓားဖြင့်ထိုးသတ်မှုနှင့်ပတ်သက်၍ ဦးဝင်းခိုင်ကို ရွှေကျင်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်ဆောင်ရွက်ထားကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

R-15