News

POST TYPE

LATEST NEWS POST

မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေတွင် မွန်အမျိုးသားနေ့ အခမ်းအနား ကျင်းပမည်
19-Feb-2019

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၉

မွန်ပြည်သစ်ပါတီ ဦးဆောင်ကျင်းပသည့် ဗဟိုအဆင့် ၇၂ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို ၎င်းတို့၏ ထိန်းချုပ်နယ်မြေဒေသဖြစ်သည့် ဘုရားသုံးဆူမြို့နယ်၊ ပလဲ့ဒွန်ဖိုက်ကျေးရွာတွင် ကျင်းပမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီထံမှ သိရသည်။

တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ (ဖေဖော်ဝါရီ ၂၀ ရက်နေ့) တွင် ကျရောက်သည့် ၇၂ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဒေသဖြစ်သည့် ဘုရားသုံးဆူမြို့နယ် ပလဲ့ဒွန်ဖိုက်ကျေးရွာတွင် ကျင်းပသွားမည်ဖြစ်သည်။

“ဘုရားသုံးဆူမြို့နယ်မှာက အရင်က ဂျပန်ရေတွင်းကျေးရွာမှာ လုပ်လာခဲ့တယ်။ ဒီနှစ်ကျတော့ ဂျပန်ရေတွင်းမှာမလုပ်ဘူး။ လွတ်လပ်တဲ့ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ပလဲ့ဒွန်ဖိုက်ကျေးရွာမှာ လုပ်မယ်၊ ဂျပန်ရေတွင်းက ဘုရားသုံးဆူနဲ့ နီးတဲ့အတွက်ကြောင့် အစိုးရဘက်ကနေ အခက်အခဲ လုပ်လာမှာကို စိုးရိမ်လို့မလုပ်ကြတာ”ဟု မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်ဟံသာက ပြောသည်။

မွန်ပြည်သစ်ပါတီ ဦးဆောင်ကျင်းပသည့် ဗဟိုအဆင့် မွန်အမျိုးသားနေ့ အခမ်းအနားနှင့် ခရိုင်အဆင့် မွန်အမျိုးသားနေ့ အခမ်းအနားတို့တွင် စစ်ရေးပြ အစီအစဉ်အပြည့်အစုံဖြင့် ကျင်းပသွားမည်ဟု ၎င်းကဆိုသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် ဗဟိုအဆင့် မွန်အမျိုးသားနေ့ အခမ်းအနားကို ၎င်းတို့ အခြေစိုက်ရာ ဘုရားဆူမြို့အနီးပတ်ဝန်းကျင်နေရာတို့တွင် စစ်ရေးပြအစီအစဉ်ဖြင့် နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့ကြပြီး ၇၀ ကြိမ်မြောက် မွန်အမျိုးသားနေ့မှစကာ အဆိုပါအခမ်းအနား ကျင်းပသည့်နေရာမှာ ဘုရားသုံးဆူမြို့နှင့် နီးသည်ဟုဆိုကာ စစ်ရေးပြအစီအစဉ် မပြုလုပ်ရန် မွန်ပြည်နယ်အစိုးရက တားမြစ်ခဲ့ဖူးသည်။

သို့သော်လည်း မွန်ပြည်သစ်ပါတီအနေဖြင့် ၎င်းတို့ နှစ်စဉ် နှစ်တိုင်း ကျင်းပလာခဲ့သည့် အစဉ်အလာအတိုင်း စစ်ရေးပြအစီအစဉ်ကို ထည့်သွင်းကျင်းပလာခဲ့ကြသည်။

ယခုနှစ်တွင် ကျရောက်သည့် မွန်အမျိုးသားနေ့ အခမ်းအနား ကျင်းပသည့်အစီအစဉ်နှင့်ပတ်သက်ပြီး ပြည်နယ်အစိုးရမှ တစ်စုံတစ်ရာ ညွှန်ကြားပြောဆိုလာခြင်းမရှိသေးကြောင်း နိုင်ဟံသာက ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ပြောသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် မွန်အမျိုးသားနေ့ အခမ်းအနားကို ဗဟိုအဆင့်၊ ခရိုင်အဆင့်ဖြင့် နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိသည်။
 
Dawei Watch