News

POST TYPE

LATEST NEWS POST

ပြိုင်ကားများကို ယာဉ်လိုင်စင် ပိတ်သိမ်းသည့်အထိ အရေးယူရန်စီစဉ်
19-Feb-2019

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

ရန်ကုန်မြို့တွင်း၌ ညအချိန်များတွင် ဆူညံစွာ မောင်းနှင်သည့် ပြိုင်ကားများကို ဒဏ်ငွေအပြင် ယာဉ်မောင်းလိုင်စင်နှင့် ယာဉ်လိုင်စင် ပိတ်သိမ်းသည့်အထိ အရေးယူရန် ပြည်ထောင်စုအဆင့်နှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

“၂၀၁၅ မော်တော်ယာဉ်ဥပဒေအရ အရေးယူ ဆောင်ရွက်နေရတာဖြစ်တဲ့အတွက် ပိုပြီးထိရောက်တဲ့ ဒဏ်ငွေနဲ့ လူ (ယာဉ်မောင်း) လိုင်စင်၊ ယာဉ်လိုင်စင်များ ပိတ်သိမ်းတဲ့အထိ ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စု ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနနဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ရန်ကုန်တိုင်းဥပဒေချုပ်ရုံးတို့နဲ့ ညှိနှိုင်းဆောင်ရွက်မှာဖြစ်ပါတယ်”ဟု ဝန်ကြီးက ပြောဆိုသည်။

မရမ်းကုန်းမြို့နယ်မဲဆန္ဒနယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကကျင်းပသည့် ရန်ကုန်တိုင်းလွှတ်တော်တွင် ညအချိန်တွင် ပြိုင်ကားများ အရှိန်မြှင့်ဆူညံစွာ မောင်းနှင်မှုများကြောင့် ပြည်သူများ အထိတ်တလန့် စိတ်အနှောင့်အယှက်ဖြစ်နေရပြီး လမ်းအသုံးပြသူများလည်း အန္တရာယ်များသဖြင့် ထိထိရောက်ရောက် အရေးယူတားမြစ်သွားရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းအပေါ် ဝန်ကြီး ဒေါ်နီလာကျော်က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ်အတွင်းက လေဆိပ်ဝင်းအတွင်း အရှိန်မြှင့်မောင်းနှင်သည့် ပြိုင်ကား ရှစ်စီးနှင့် ၂၀၁၇ ခုနှစ်အတွင်း မရမ်းကုန်းမြို့နယ်၌ ပါဝါအိပ်ဇောတပ်မောင်းနှင်သည့် ပြိုင်ကား တစ်စီး၊ ၂၀၁၈ ခုနှစ် ဇွန်လက ဦးဝိစာရအဝိုင်းနှင့် ဆူးလေဘုရားပတ်လမ်းတို့တွင် ဆူညံစွာ မောင်းနှင်၍ ဒရစ်ဆွဲခြင်းများ ပြုလုပ်သည့် ပြိုင်ကားနှစ်စီးကို ၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေပုဒ်မ ၅၈(က)/ ၆၁/ ၅၈ (ဃ) တို့ဖြင့် အရေးယူခဲ့ကြောင်း ဒေါ်နီလာကျော်က လွှတ်တော်တွင်ဖြေကြားခဲ့သည်။

“ပြိုင်ကားတွေရဲ့တန်းဖိုးဟာ ကျပ်သိန်း ထောင်ချီတဲ့အတွက် ဒီကားတွေကို အပျော်စီနင်းကြသူတွေက ကျပ်သိန်းဂဏန်းအထိ ဒဏ်ငွေပဲဖြစ်ပါစေ ဂရုစိုက်ကြမှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ထိရောက်တဲ့ ဒဏ်ငွေချမှတ်ပြီး ထပ်ကျူးလွန်တယ်ဆိုရင် လိုင်စင်ပိတ်သိမ်းတဲ့အထိ အရေးယူသင့်ပါတယ်”ဟု မရမ်းကုန်းမြို့နယ်မဲဆန္ဒနယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက လွှတ်တော်တွင် တိုက်တွန်းပြောဆိုသည်။

လက်ရှိတွင် ညအချိန် အရှိန်မြင့် ဆူညံ့စွာ မောင်းနှင်နေသည့် ပြိုင်ကားများကို စစ်ဆေးရှာဖွေခြင်းဖြင့် အရေးယူလျက်ရှိကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးထံမှ သိရသည်။

J-17