News

POST TYPE

LATEST NEWS POST

ဆန္ဒပြအလုပ်သမားခေါင်းဆောင် ရှစ်ဦးကို ငြိမ်းစုစီဥပဒေဖြင့် အမှုဖွင့်
18-Feb-2019

မန္တလေး၊ ဖေဖော်ဝါရီ ၁၈

မန္တလေးမြို့တွင် လူအင်အား ငါးရာခန့်ဖြင့် အလုပ်သမား အခွင့်အရေးများ တောင်းဆိုဆန္ဒပြပွဲကို ဦးဆောင်သူ ရှစ်ဦးအား မြို့နယ်ရဲတပ်ဖွဲ့မှူးက တရားလိုပြုလုပ်ကာ ဖေဖော်ဝါရီ ၁၇ ရက်နေ့က ငြိမ်းစုစီဥပဒေဖြင့် အမှုဖွင့်ထားကြောင်း အမှုဖွင့်ခံထားရသူများထံမှ သိရသည်။

အလုပ်သမား အခွင့်အရေးများအတွက် အစိုးရနှင့် လွှတ်တော်မှအရေးစိုက်ဖြေရှင်းပေးရန် ရည်ရွယ်၍ ဆန္ဒပြရာတွင် ဦးဆောင်ခဲ့ကြသည့် ကိုနေလင်းအောင်၊ ကိုတင့်ရှိန်စိုး၊ ကိုသက်နှင်းအောင်၊ ကိုသူရ၊ ကိုသောင်းညွန့်၊ မစုစုနိုင်၊ မစိုးစန္ဒာမြင့်နှင့် မဖြိုးစန္ဒာစိုးတို့ကို ပြည်ကြီးတံခွန်မြို့မရဲစခန်းတွင် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၂၀ ဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။

“သိရသလောက်ကတော့ ဒေသန္တရအမိန့်နဲ့ မညီညွတ်လို့ အမှုဖွင့်တာလို့ သိရပါတယ်။ ဒေသန္တရအမိန့်က ဒီမိုကရေစီ စံချိန်နဲ့ မညီညွတ်ဘူးလို့ ပြောရမယ်။ ကျွန်တော်တို့တောင်းဆိုတဲ့ တောင်းဆိုချက်တွေက မန္တလေးခရိုင်မှာ မဖြစ်ဘူး။ ဒါကြောင့် ခွင့်မပြုဘူးလို့ပြောထားတာဆိုတော့ တကယ်တမ်းက ကျွန်တောင်းတို့ရဲ့ တောင်းဆိုချက်တွေက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဖြစ်နေတာဖြစ်တယ်။ ဒီမိုကရေစီအစိုးရလက်ထက်မှာ ဒီလိုစံချိန်မညီတဲ့ ဥပဒေပြဌာန်းချက်တွေ ရှိနေတာကို အစိုးရနဲ့ သက်ဆိုင်ရာပါတီတွေက ညွှန်ကြားချက်တွေ၊ အမိန့်တွေကို ပြန်လည်သုံးသပ်ဖို့ တိုက်တွန်းလိုပါတယ်။ ခုလိုမျိုး အစိုးက တရားစွဲဆိုတဲ့အပေါ်မှာတော့ ကျွန်တော်တို့ပြန်ပြီးတော့ တုန့်ပြန်ဖို့ရှိတယ်”ဟု အမှုဖွင့်ခံထားရသည့် ကိုသက်နှင်းအောင်က ပြောဆိုသည်။

အမှုဖွင့်ရာတွင် ပြည်ကြီးတံခွန်မြို့နယ်တွင် သတ်မှတ်ထားသည့် စည်းကမ်းချက်များအရ ကြိုတင်ညှိနှိုင်းဆောင်ရွက်ချက်များကို ဆောင်ရွက်မှုမပြုခြင်း၊ အခြားတိုင်းဒေသကြီးမှ လူပုဂ္ဂိုလ်များပါဝင်လျှင် ခွင့်မပြုမှုကို ဖောက်ဖျက်ခြင်း၊ မန္တလေး မှတ်ပုံတင်ကိုင်ဆောင်သူ (သို့မဟုတ်) မန္တလေးတွင် တရားဝင်နေထိုင်သူ ဖြစ်ရမည် ဟူသောစည်းကမ်းချက်ကို ဖောက်ဖျက်ခြင်းနှင့် ကြိုတင်ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်သည်ဟုဆိုကာ အမှုဖွင့်ထားခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ဖေဖော်ဝါရီ ၁၇ ရက်နေ့ နံနက်ပိုင်းက မန္တလေး MICS ရုံးရှိရာ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ စက်မှုဇုန်အနီးမှ မဟာအောင်မြေမြို့နယ်အတွင်းရှိ မနော်ရမ္မံလူထုဟစ်တိုင်ကွင်းအနီးအထိ အလုပ်သမားများသည် မန္တလေးတိုင်းအတွက် အလုပ်သမားဝန်ကြီးခန့်အပ်ပေးရေး၊ အလုပ်သမား တရားရုံးများပေါ်ပေါက်ရေး၊ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းရေး၊ နိုင်ငံ့ဝန်ထမ်းထမ်းများကို အလုပ်သမား အငြင်းပွားမှုဖြေရှင်းရေးဥပဒေတွင် ထည့်သွင်းပေးရေး၊ အလုပ်သမားဥပဒေများကို ILO စံနှုန်းများဖြင့် အညီရေးဆွဲပေးရေး စသည့်အချက်အလက်များကို တောင်းဆိုဆန္ဒပြခဲ့ကြသည်။

M-04