News

POST TYPE

LATEST NEWS POST

ဘန်ကောက် သဘောထားစစ်တမ်း ဝန်ကြီးချုပ်စာရင်းတွင် ပရာရွတ် ထိပ်မှပြေး၊ ပါတီစာရင်းတွင် ဖေ့အ်ထိုင်းပါတီ ထိပ်မှဦးဆောင်
18-Feb-2019


ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၇

ထိုင်းပြည်သူ ထက်ဝက်ကျော်မှာ မတ်လ ၂၄ ရက် ရွေးကောက်ပွဲတွင် မည်သူ့အား ရွေးချယ်ရမည်ကို မဆုံးဖြတ်ရသေးသော်လည်း ဝန်ကြီးချုပ်လောင်းစာရင်းတွင် စစ်ဗိုလ်ချုပ်ဟောင်း ပရာရွတ်က ထိပ်မှပြေးနေပြီး နိုင်ငံရေး ပါတီများအကြားတွင် ဖေ့အ်ထိုင်းပါတီက ဦးဆောင်နေသည်ဟု ဘန်ကောက်သဘောထားစစ်တမ်းတွင် ဖော်ပြထားကြောင်း Bangkok Post သတင်းစာက ရေးသားထားသည်။

ဘန်ကောက် လေ့လာမှုစစ်တမ်းကို စနေနေ့ကထုတ်ပြန်ခဲ့ရာ ဒီမိုကရက်ပါတီနှင့် ပါတီ၏စံပြခေါင်းဆောင် အဘီဆစ်ဝိဇ္ဇာဇီဝက နံပါတ်လေးနေရာတွင် ရပ်တည်နေသည်။

အသက် ၄၀ အရွယ် ကုဋေကြွယ်သူဌေး သာနာသွန်ဂျန်ဂရွန်းဂရန်ကစ်နှင့် ၎င်း၏ Fureture Forward ပါတီက ဝန်ကြီးချုပ် တန်းစီစာရင်းတွင် နံပါတ် ၃ နှင့် ပါတီစာရင်းတွင် နံပါတ် ၂ နေရာ၌ အားကောင်းမောင်းသန်ဖြင့် ရပ်တည်နေသည်။ သို့ရာတွင် ၎င်း၏ကွန်ရက်မရှိသော ဘန်ကောက်အပြင်ဘက်တွင် ထောက်ခံမှု ရမလားဆိုသည်ကိုမူ အကဲခတ်များက ဝေခွဲမရ ဖြစ်နေသည်။

ဘန်ကောက်မြို့တော်တွင် လူပေါင်း ၂၀၉၁ ဦးကို မေးမြန်းထားပြီး သောကြာနေ့က ထုတ်ပြန်သော Nida စစ်တမ်းတွင် ဝန်ကြီးချုပ်လောင်း တန်းစီစာရင်း၌ ပါလန်ပရာချာရတ်ပါတီကို ကိုယ်စားပြုမည့် စစ်ဗိုလ်ချုပ်ဟောင်း ပရာရွတ်က ၂၆ ရာခိုင်နှုန်းဖြင့် ထိပ်မှပြေးနေပြီး၊ ဖေ့အ်ထိုင်းပါတီမှ ခွန်ယင်ဆူဒါရတ် ခယူရာဖန်က ၂၄ ရာခိုင်နှုန်းဖြင့် နောက်မှကပ်လိုက်နေသည်။ ဝန်ကြီးချုပ်ဟောင်း အဘီဆစ်က ၁၂ ရာခိုင်နှုန်းဖြင့် တတိယနေရာတွင် ရှိနေသည်။

မည်သည့်ပါတီကို အစိုးရဖွဲ့စေချင်သလဲဟု မေးမြန်းသောအခါ ဖေ့အ်ထိုင်းပါတီက ၃၆ ဒသမ ၅ ရာခိုင်နှုန်း၊ ပါလန်ပရာချာရတ်ပါတီက ၂၂ ဒသမ ၆ ရာခိုင်နှုန်း၊ ဒီမိုကရက်ပါတီက ၁၅ ဒသမ ၂ ရာခိုင်နှုန်း၊ Fureture Forward ပါတီက ၈ ဒသမ ၂ ရာခိုင်နှုန်းနှင့် ဆရီရမ်ထိုင်းပါတီက ၅ ရာခိုင်နှုန်း အသီးသီး ထောက်ခံမှုရရှိနေသည်။

နိုင်ငံတစ်ဝန်းမှ လူပေါင်း ၁၀၉၃ ဦးကို မေးမြန်းထားပြီး စနေနေ့ကထုတ်ပြန်သော Super Poll သုတေသနစစ်တမ်းတွင်မူ အခြေခံ စားဝတ်နေရေးကိစ္စများကို ဖြေရှင်းပေးနိုင်မည့် ခေါင်းဆောင်သည် စွမ်းဆောင်ရည်ပြည့်ဝသူ ဖြစ်သင့်သည်ဟု ၅၆ ဒသမ ၁ ရာခိုင်နှုန်းက အဖြေပေးခဲ့ကြသည်။ ဝန်ကြီးချုပ်သည် နိုင်ငံရေးသမားသာ ဖြစ်ရမည်ဟု သဘောထားပေးသူ ၈ ဒသမ ၃ ရာခိုင်နှုန်းနှင့် စစ်ဘက်အရာရှိ ဖြစ်သင့်သည်ဟု သဘောထားပေးသူ ၇ ဒသမ ၄ ရာခိုင်နှုန်းရှိသည်။

အခြားဖြေဆိုသူများကမူ ဝန်ကြီးချုပ်နေရာအတွက် ပညာရှင်၊ နိုင်ငံရေးလှုပ်ရှားသူ၊ ဥပဒေကျွမ်းကျင်သူ စသည်ဖြင့် အမျိုးမျိုး သဘောထားပေးခဲ့ကြသည်။ သို့ရာတွင် ၂၁ ဒသမ ၄ ရာခိုင်နှုန်းကမူ ရွေးချယ်ရန် မဆုံးဖြတ်ရသေးဟု အဖြေပေးခဲ့ကြသည်။
အချို့ကလည်း နံမည်ပုံရိပ်ကောင်းအောင် တည်ဆောက်နေသူများနှင့် အာဏာလုနေကြသော နိုင်ငံရေးကို ငြီးငွေ့နေပြီဟု ဖြေကြားကြသည်။

ရွေးကောက်ပွဲနှင့်ပတ်သက်သောသတင်းများကို မကြာခဏ စောင့်ကြည့်သည်ဟု အဖြေပေးသူ သုံးပုံနှစ်ပုံခန့်ရှိပြီး ၃၀ ရာခိုင်နှုန်းကမူ မကြာခဏ စောင့်ကြည့်ခြင်းမပြုဟု အဖြေပေးသည်။ ၃ ဒသမ ၁ ရာခိုင်နှုန်းကမူ ရံဖန်ရံခါ၌သာ သတင်းကို ကြည့်သည်ဟု ပြောကြားသည်။

Super Poll သုတေသနစစ်တမ်းမှ ဒါရိုက်တာ နိုပါဒွန်ကန်နီကာက မတ်လ ၂၄ ရက် ရွေးကောက်ပွဲများတွင် လူအများစု မဲပေးကြမည်ဖြစ်ကြောင်းနှင့် စီးပွားရေး အခက်အခဲများကို ခိုင်မာသော မူဝါဒများဖြင့် ဖြေရှင်းပေးနိုင်မည့်သူကို ဝန်ကြီးချုပ်ဖြစ်စေချင်ကြကြောင်း သဘောထားစစ်တမ်းများက ပြသနေသည်ဟု မှတ်ချက်ပေးသည်။

F-04