News

POST TYPE

LATEST NEWS POST

လူမှုကွန်ရက်တွင် ချစ်ကြိုက်ခဲ့သူနှင့် ချိန်းတွေ့သည့် အမျိုးသမီး မုဒိမ်းကျင့်ခံရ
17-Feb-2019

ဟင်္သာတ၊ ဖေဖော်ဝါရီ ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ်၊ တောင်ပေါ်ကြီးကျေးရွာတွင် နေထိုင်သည့် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို လူမှုကွန်ရက်မှတစ်ဆင့် ရင်းနှီးချစ်ကြိုက်ခဲ့သည့် အသက် ၂၀ နှစ်အရွယ် အမျိုးသားက အဓမ္မပြုကျင့်မှု ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း ယင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

တောင်ပေါ်ကြီးကျေးရွာနေ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်နှင့် ပင်းတယမြို့နယ်၊ ဒရယ်အင်းကျေးရွာတွင် နေထိုင်သူ အသက် ၂၀ အရွယ် စိုင်းထက်အောင် (ခ) စိုင်းမျိုးကျော်တို့နှစ်ဦးမှာ လူမှုကွန်ရက်တွင် ရင်းနှီးခင်မင်ချစ်ကြိုက်ခဲ့ပြီးနောက် ယင်းနေ့က နှစ်ဦးသားအပြင်၌တွေ့ဆုံစဉ် အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ဖြစ်တာက ပင်းတယမြို့နဲ့ တောင်ပေါ်ကြီးရွာကြားက တောစပ်မှာပါ။ စိုင်းထက်အောင်က ကောင်မလေးကို အလိုမတူဘဲ အဓမ္မကျင့်တယ်။ လည်ပင်းကိုလည်းညှစ်တယ်။ တစ်ပေခန့်ရှိတဲ့ ထင်းချောင်းနဲ့ ကောင်မလေးကို ရိုက်သွားတယ်။ ဒါက ကနဦး စစ်ဆေးချက်ပါ”ဟု ပင်းတယမြို့မ ရဲတပ်ဖွဲ့စခန်းမှူး ဒုတိယရဲမှူးမြင့်ခိုင်က ပြောဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စွပ်စွဲခံရသည့် စိုင်းထက်အောင်ကို ပင်းတယမြို့မ ရဲစခန်းတွင် (ပ)အမှတ် ၆၈/ ၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၇၆/ ၃၂၅/ ၅၀၆ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

R-13