News

POST TYPE

LATEST NEWS POST

စက်မှုလုပ်ငန်းများ အွန်လိုင်းမှမှတ်ပုံတင်နိုင်
16-Jan-2019

ရန်ကုန်၊ ဇန်နဝါရီ ၁၆

ကုန်ကြမ်းပစ္စည်းများမှ ကုန်ချောပြန်လည်ထုတ်လုပ်သည့် ပုဂ္ဂလိကစက်မှုလုပ်ငန်းရှင်များအနေနှင့် စက်မှုလုပ်ငန်းများကို မှတ်ပုံတင်ရာတွင် ယခုဇန်နဝါရီလမှစ၍ အွန်လိုင်းမှ စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနထံမှ သိရသည်။

မြင်းကောင်ရေ သုံးကောင်အားနှင့်အထက်ရှိသည့် အားတစ်မျိုးမျိုးကိုအသုံးပြု၍ဖြစ်စေ၊ လုပ်ခစားအလုပ်သမား ၁၀ ဦးနှင့် အထက်ဖြင့်ဖြစ်စေ ပုဂ္ဂလိကစက်မှုလုပ်ငန်းတစ်ရပ်ရပ်ကို လုပ်ကိုင်နေသူသည် စက်မှုမှတ်ပုံတင်ရမည်ဖြစ်ပြီး အစိုးရနှင့် ဖက်စပ်လုပ်ကိုင်သည့် စက်မှုလုပ်ငန်းများမပါဝင်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

ပုဂ္ဂလိကစက်မှုလုပ်ငန်းရှင်များအနေနှင့် အွန်လိုင်းစနစ်ကိုအသုံးပြု၍ စက်မှုမှတ်ပုံတင်လျှောက်ထားလိုပါက http://www.disi.gov.mm တွင် ဝင်ရောက်လျှောက်ထားနိုင်ပြီး ပုဂ္ဂလိကစက်မှုလုပ်ငန်းသည် ပုဂ္ဂလိကတစ်ဦးချင်းဖြစ်စေ၊ အစုစပ်ဖြစ်စေ၊ ကုမ္ပဏီတည်ထောင်၍ဖြစ်စေ စက်မှုလုပ်ငန်းလုပ်ကိုင်ခြင်းကို ဆိုလိုကြောင်း စက်မှုဝန်ကြီးဌာနထံမှ သိရသည်။

ယင်းဝက်ဘ်ဆိုက်တွင် အွန်လိုင်းမှမှတ်ပုံတင်ခြင်းအပြင် စက်မှုမှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်ချက်များနှင့် လိုက်နာရမည့်အချက်များ၊ ဘွိုင်လာစစ်ဆေးခြင်းများ၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ စစ်ဆေးခြင်းဆိုင်ရာများနှင့် အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကိုလည်း ကြည့်ရှုနိုင်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

J-11