News

POST TYPE

LATEST NEWS POST

ငွေလုစဉ် ဘုန်းကြီးနှင့်ကပ္ပိယကို သတ်ခဲ့ဟု စစ်ဆေးပေါ်ပေါက်
13-Dec-2018

မန္တလေး၊ ဒီဇင်ဘာ ၁၂

မိုးကုတ်မြို့တွင် ဘုန်းကြီးတစ်ပါးနှင့် ကပ္ပိယတို့ သတ်ခံရသည့် အမှုတရားခံကို ဖမ်းဆီးစစ်ဆေးပေါ်ပေါက်ချက်အရ ကထိန်အလှူငွေများကို ဝင်ရောက် လုယက်ရာမှ လူသတ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း မိုးကုတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းခိုင်က ပြောကြားသည်။

“အဲဒီလူက ကျောင်းနားမှာပဲနေတဲ့ ခြံလုပ်သားတွေ။ ငွေရေးကြေးရေးကလည်း အဆင်မပြေ၊ အရက်ကလည်း မူးနေတယ်။ ကျောင်းမှာလည်း ကျောင်းထိုင်က ခရီးသွားနေတာကိုသိတယ်။ အဲဒီတော့ ဘုန်းကြီးတစ်ပါးနဲ့ မယ်တော်ကြီး တစ်ယောက်ပဲရှိမယ်ဆိုပြီးတော့ ဝင်လုတာ။ ကျောင်းထဲဝင်သွားတော့မှာ ကပ္ပိယကြီးရော တွေ့လိုက်တော့ ကြောက်လန့်ပြီး ခုတ်ထစ်ပြီးတော့ ထွက်ပြေးခဲ့တယ်လို့ဆိုတယ်။ ပိုက်ဆံလည်းမရလိုက်ဘူး”ဟု ၎င်းကဆိုသည်။

မိုးကုတ်မြို့ အောင်မင်္ဂလာရပ်ကွက် အေးစေတီဘုန်းကြီးကျောင်းမှ သက်တော် ၆၇ နှစ်ရှိ ဆရာတော် ဦးပညာစက္ကနှင့် အသက် ၄၃ နှစ်ရှိ ကပ္ပိယဦးသျှမ်းလျော် (ခ) သားချစ်တို့ အသတ်ခံခဲ့ရပြီး ဆရာတော်ဦးပညာစက္ကတွင် တုတ်ဖြင့် အရိုက်ခံထားရသည့် အနေအထားနှင့် ဦးသျှမ်းလျော် (ခ) သားချစ်သည် ဓားဖြင့်အခုတ်ခံထားရသည့် ဒဏ်ရာများ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဆရာတော်နှင့်အတူနေထိုင်သည့် မယ်တော်ဖြစ်သူကို အခန်းတစ်ခုအတွင်း ကြိုးဖြင့်တုပ်ထားသည်ကို တွေ့ရှိရပြီး ဆရာတော်၏ ရုပ်အလောင်းကို ကျောင်းအတွင်းနှင့် ကပ္ပိယဖြစ်သူ၏အလောင်းကို ကျောင်းဘေးရှိ တောင်အောက်ခြေတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ရဲတပ်ဖွဲ့က စစ်ဆေးခဲ့ရာတွင် ဒီဇင်ဘာလ ၁၀ ရက်က သံသယဖြင့် စစ်ဆေးနေသူများထဲမှ အသက် ၄၂ နှစ်ရှိ ဦးကာလတ်ဆိုသူ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

ယင်းအမှုတွင် ရဲတပ်ဖွဲ့က တရားခံအဖြစ် ထုတ်ပြန်ပြောဆိုထားသူမှာ ရဲတပ်ဖွဲ့က ဖိအားပေးဝန်ခံခိုင်းသည့်အတွက် ဝန်ခံထားရခြင်းဖြစ်ပြီး တရားခံအစစ် အမှန်မဟုတ်ကြောင်း မိုးကုတ်ဒေသခံအချို့က လူမှုကွန်ရက်စာမျက်နှာ ဖေ့စ်ဘွတ်တွင် ပြောဆိုမှုများရှိနေသော်လည်း တရားခံမှာ အစစ်အမှန်ဖြစ်ကြောင်း ရဲမှူးမင်းခိုင်က ပြောဆိုသည်။

“ရာဇဝတ်မှုတွေမှာ ပြစ်မှုကျူးလွန်သူတွေကတော့ သူတို့မဟုတ်ဘူးဘဲ ပြောတတ်ကြတာပါပဲ။ ဒါကတော့ သဘာဝပါ။ ခုသူ့ကို ကျွန်တော်တို့ ဥပဒေနှင့်အညီ တရားစွဲဆိုသွားမယ်။ တရားဥပဒေက ဆုံးဖြတ်သွားမှာပါ”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ဦးကာလတ်ကို မိုးကုတ်မြို့မရဲစခန်းတွင် လူသတ်မှုပုဒ်မဖြစ်သည့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်ထားပြီး ချုပ်ရက်ရမန်ယူကာ တရားစွဲဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

M-04