News

POST TYPE

LATEST NEWS POST

ငလျင်ဒဏ်သင့်ဘုရားများ၏ အနိမ့်အမြင့်ကို တိုင်းမည်
04-Dec-2018

မန္တလေး၊ ဒီဇင်ဘာ ၃

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ငလျင်ဒဏ်သင့် ဘုရားစေတီများ၏အနိမ့်အမြင့်ကို တိုင်းတာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီထံမှ သိရသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေနှင့်ပတ်သက်သည့် ငလျင်အန္တရာယ်ပြ မြေပုံတစ်ခုထွက်ပေါ်လာရန် လက်ရှိတွင် အချက်အလက် စုစည်းခြင်းလုပ်ငန်းများ ပြုလုပ်လျက်ရှိရာ အဆိုပါတိုင်းတာမှုသည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစောထွေးဇော်က ပြောကြားသည်။

ထိုသို့တိုင်းတာရာတွင် ငလျင်လှုပ်ချိန်၌ ဘုရားစေတီများ မည်သို့ဖြစ်ပျက်ခဲ့သည်ကိုသိရှိရန် တိုင်းတာရခြင်းဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် ရှေးဟောင်း သုတေသန ဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစောထွေးဇော်က ပြောကြားသည်။

“ဘုရားတွေရဲ့ လှုပ်ရှားမှုပုံသဏ္ဌာန်ကိုတိုင်းမှာဖြစ်ပါတယ်။ ငလျင်လှုပ်ခဲ့တဲ့ အနေအထားမှာ ဘုရားတွေအနေနဲ့ ဘယ်လိုဖြစ်သလဲဆိုတာ သိချင်လို့ တိုင်းမှာဖြစ်ပါတယ်။ ဘုရားတွေရဲ့ အနိမ့်အမြင့်တိုင်းတာတွေပါမယ်”ဟု ၎င်းကဆိုသည်။

ငလျင်အန္တရာယ်ပြမြေပုံ ရေးဆွဲရေးအတွက် ဇွန်လမှစ၍ ရှေးဟောင်းနယ်မြေ မြေထုလွှာဖွဲ့တည်မှုနှင့် ငလျင်လှိုင်းဖြတ်သန်းချိန်ကာလတွင် မြေပေါ်ရှိ အဆောက်အအုံများ၏ ခံနိုင်အားကို ခန့်မှန်းတွက်ချက်ရယူနိုင်ရန် အောက်ခံမြေလွှာတိုင်းတာခြင်းလုပ်ငန်းကို ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီထံမှ သိရသည်။

၂၀၁၆ ခုနှစ် ဩဂုတ်လ ၂၄ ရက် ငလျင်ကြောင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသရှိ ဘုရား၊ စေတီ ၃၈၉ ဆူ ထိခိုက်ပျက်စီးခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 

M-05