News

POST TYPE

LATEST NEWS POST

ဆီးရီးယားသည် မည်သို့မျှလုံခြုံမှုမရှိသည့်နေရာဖြစ်ဟု ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာန အစီရင်ခံစာထုတ်ကာ သတိပေး
21-Nov-2018



ဘာလင်၊ နိုဝင်ဘာ ၂၀ 

ဆီးရီးယားနိုင်ငံသည် လူ့အခွင့်အရေးချိုးဖောက်မှု၊ အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပေါ်နေသည့်နိုင်ငံဖြစ်ရာ အရပ်သားများအတွက် မည်သို့မျှလုံခြုံမှုမပေးနိုင်သည့်နေရာဖြစ်သည်ဟု ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သီးသန့်အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြထားကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။ 

ယင်းအစီရင်ခံစာတွင် ဆီးရီးယားသို့ ဒုက္ခသည်များ ပြန်လွှတ်မည့်ကိစ္စကို အန္တရာယ်ရှိသောကိစ္စအဖြစ် သတိပေး ဖော်ပြထားသည်။ 

စာမျက်နှာ ၂၈ မျက်နှာပါဝင်သော သီးသန့်အစီရင်ခံစာကို Suddeutsche သတင်းစာနှင့် ဂျာမန်ရုပ်သံမီဒီယာအချို့က ဖတ်ရှုခွင့်ရလိုက်သည်။ ယင်းအစီရင်ခံစာတွင် ဂျာမနီနိုင်ငံတွင် လာရောက်ခိုလှုံခွင့် တောင်းခံမှုနှင့် ရွှေ့ပြောင်းအခြေချသူများနှင့်ပတ်သက်သော အရေးကြီးသည့် ဆုံးဖြတ်ချက်ချမှတ်မည့်သူများအတွက် သတင်းအချက်အလက်များ ဖော်ပြပေး ထားသည်။ 

အရေးတကြီးဖော်ပြထားသည့် အချက်မှာ ဆီးရီးယားနိုင်ငံ၏ မည်သည့် နေရာဒေသမဆို လုံခြုံစိတ်ချရမှုမရှိသလို အရပ်သားများ ဖိနှိပ်ညှဉ်းပန်းခံရမှုမှ အကာ အကွယ်ပေးနိုင်ခြင်းလည်းမရှိဟု ဖော်ပြထားသည်။

အသက် ၁၈ နှစ်မှ ၄၂ နှစ်အကြား အမျိုးသားများအနေနှင့် ဆီးရီးယားသို့ ပြန်သွားမည်ဆိုပါက စစ်ထဲသို့ မဖြစ်မနေဝင်ရမည့် အခြေအနေတွင် ရှိနေကြောင်း၊ စစ်တပ်မှ ထွက်ပြေးမည်ဆိုပါက ဖမ်းဆီးအကျဉ်းချခံရနိုင်ကြောင်း သတိပေးထားသည်။ ထို့ပြင် ၂၀၁၄ ခုနှစ်နောက်ပိုင်းမှစ၍ ကလေးစစ်သား စုဆောင်းမှုများလည်း အဆမတန်မြင့်တက်လာသည်ဟု အစီရင် ခံစာက ဆိုသည်။ 

ဆီးရီးယားအာဏာရှင်အစိုးရနှင့် ဆက်စပ်သော အာဏာပိုင်များအကြား တွင်လည်းကောင်း၊ အခြားအုပ်စုများထဲတွင်လည်းကောင်း ပြည်ပသို့ထွက်ပြေးတိမ်းရှောင်ပြီးနောက် ပြန်လည်ဝင်ရောက်လာသူများကို သူရဲပေါကြောင်သူများ၊ တပ်ပြေးများ၊ သို့မဟုတ် အကြမ်းဖက်အုပ်စုကို ထောက်ခံသူများသို့မဟုတ် သစ္စာဖောက်များအဖြစ် သတ်မှတ်စွပ်စွဲလေ့ရှိကြောင်း အစီရင်ခံစာက ဆိုသည်။ 

၂၀၁၁ ခုနှစ်နောက်ပိုင်းညှဉ်းပန်းနှိပ်စက်ခံရမှု တစ်ခုတည်းသက်သက်ကြောင့် သေဆုံးသူ စုစုပေါင်း ၁၃၀၀၀ ခန့်ရှိသည်ဟုလည်း ဖော်ပြသည်။ 

မုဒိမ်းမှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် အမျိုးသမီးများအပေါ် အစီအစဉ်တကျ တိုက်ခိုက်မှုစသည်တို့ကို ဆီးရီးယားစစ်တပ်သာမက မဟာမိတ်အုပ်စုများကလည်း ကျူးလွန်လျက်ရှိသည်ဟုဆိုသည်။ အထူးသဖြင့် နယ်စပ်ဒေသ၊ စစ်ဘက်စစ်ဆေးရေးဂိတ်များနှင့် ထိန်းသိမ်းရေးစခန်းများတွင် ပေါ်ပေါက်လျက်ရှိသည်။ 

လက်ရှိအနေအထားတွင် ဂျာမနီနိုင်ငံရောက် ဒုက္ခသည်များကို ပြန်နှင်ထုတ်သည့် အစီအစဉ်မှာ ရပ်ဆိုင်းထားသည်။ သို့သော် ယင်းသို့ရပ်ဆိုးထားခြင်းမှာ လာမည့်ဒီဇင်ဘာလတွင် ပြီးဆုံးမည်ဖြစ်ရာ ပြည်ထဲရေးဝန်ကြီးဌာနအနေနှင့် ဒုက္ခသည်များအား နေရပ်ပြန်လွှင့်သင့်၊ မလွှတ်သင့်ကိစ္စကို အလေးအနက်ထားစဉ်းစားတော့မည်ဖြစ်သည်။ 

ယင်းအချိန်တွင် ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနက ဆီးရီးယားနှင့်ပတ်သက်၍ ယခုလိုအစီရင်ခံစာ ထုတ်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။

F-01