News

POST TYPE

LATEST NEWS POST

လှဖိုးခေါင်ကြားစခန်း ဘင်္ဂါလီ ၁၀၀ ကျော် လက်ခံပြီး နေရပ်သို့ ပြန်လည်ပို့ဆောင်
21-Nov-2018



စစ်တွေ၊ နိုဝင်ဘာ ၂၀

မောင်တောဒေသတွင် အကြမ်းဖက်မှုဖြစ်စဉ်အတွင်း တစ်ဖက်နိုင်ငံသို့ ထွက်ပြေး ခဲ့ကြသော ဘင်္ဂါလီ ၁၇၁ ဦးကို ၇ လအတွင်း လှဖိုးခေါင်ကြားစခန်းတွင် ပြန်လည်လက်ခံပြီး ၎င်းတို့၏ နေရာများသို့ ပို့ဆောင်ခဲ့ပြီဖြစ်ကြောင်း စခန်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးစိုးရွှေအောင်က ပြောသည်။

ယခုနှစ် ဧပြီ ၁၄ ရက်နေ့မှ နိုဝင်ဘာ ၁၉ ရက် အချိန်ထိ လှဖိုးခေါင်ကြားစခန်းသို့ ရောက်ရှိလာကြသူများမှာ နှစ်နိုင်ငံသဘောတူညီချက်အတိုင်း ပို့ဆောင်ခြင်းမဟုတ်ဘဲ နိုင်ငံနယ်စပ်မျဉ်းပေါ် နေထိုင်ကြသူအချို့ တရားဝင်ပြန်လည်ဝင်ရောက်လာသူများ၊ လှေစီးဒုက္ခသည်များနှင့် လွတ်ငြိမ်းချမ်းသာခွင့် ရရှိသူများ ဖြစ်သည်။

“ဒီစခန်းက ကျွန်တော့်လက်ထက်မှာတော့ ထွက်ပြေးတာမရှိဘူး။ ဒီစခန်းကနေ လက်ခံတဲ့သူတွေကို သူတို့ဆွေမျိုးတွေရှိတဲ့ ကျေးရွာတွေမှာ သွားနေချင်တယ်ပြောတဲ့အတွက် သူတို့ရဲ့နေရပ်အသီးသီးကို ပို့ဆောင်ပေးခဲ့ပြီး ဖြစ်ပါတယ်” ဟု ဦးစိုးရွှေအောင်က ပြောသည်။

၎င်းစခန်း၌ လက်ခံခဲ့သည်မှာ ဘင်္ဂါလီ အမျိုးသား ကျား ၁၀၂ ဦး၊ အမျိုးသမီး ၆၉ ဦးတို့ဖြစ်ကြပြီး အကြမ်းဖက်ဖြစ်စဉ်အတွင်း တစ်ဖက်နိုင်ငံထွက်ပြေးသွားသည့် ဟိန္ဒူဘာသာဝင်များ ပြန်လည်ဝင်ရောက်ခြင်း မရှိသေးပေ။

လှဖိုးခေါင်ကြားစခန်းတွင် ၈ ခန်းတွဲ ၆၂၅ လုံး၊ အခန်း ၅၀၀၀ ရှိပြီး တစ်ခန်းလျှင် လူ ၆ ဦးမှ ၈ ဦးထိ နေထိုင်နိုင်ကြောင်း၊ ယင်းအပြင် ယာယီရွက်ဖျင်တဲ အလုံး ၉၀ တည်ဆောက်ထားကြောင်းနှင့်ထပ်မံ၍ အလုံး ၁၀၀၀ တည်ဆောက်သွားမည်ဖြစ်ကြောင်း စခန်းညွှန်ကြားရေးမှူးထံမှ သိရသည်။

တစ်ဖက်နိုင်ငံမှ ဝင်ရောက်လာသူများအား နေအိမ်မရှိသူများ ယာယီထားရှိမည်ဖြစ်ပြီး မိမိတို့ နေထိုင်ရန် နေအိမ်များ ဆောက်နေရာမှာလည်း နေ့စားအဖြစ် ဝင်ရောက်လုပ်ကိုင်နိုင်ရန် အစိုးရက စီစဉ်ဆောင်ရွက်ထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားကြသူများကို ဒီဇင်ဘာလကုန်တွင် မြန်မာနိုင်ငံသို့ တရားဝင်ပြန်လည်ပို့ဆောင်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက ထုတ်ပြန်ထားသည်။

R-22