POST TYPE
LATEST NEWS POST
သိမ်ကြီးဈေး C ရုံတွင် လူသတ်မှုဖြစ်
18-Nov-2018
ရန်ကုန်၊ နိုဝင်ဘာ ၁၈
ပန်းဘဲတန်းမြို့နယ်၊ သိမ်ကြီးဈေးရုံတွင် အထည်ရောင်းသူအမျိုးသားတစ်ဦးကို အငှားယာဉ်မောင်းက ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
အသတ်ခံရသူ အသက် ၂၂ နှစ် စောလှမှာ အထည်ရောင်းသူဖြစ်ပြီး နိုဝင်ဘာလ ၁၇ ရက် နံနက် ၂ နာရီဝန်းကျင်က သိမ်ကြီးဈေး စီရုံရှိ လူသွားစင်္ကြံတွင် ရင်ဘတ်ထိုးသွင်းဒဏ်ရာနှစ်ချက်ဖြင့် လဲကျသေဆုံးနေသောကြောင့် စစ်ဆေးရာ ၎င်းကို အငှားယာဉ်မောင်း အသက် ၂၂ နှစ် တင်အောင်လွင် (ခ) အာဝါး (ခ) အငယ်လေးက ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း စုံစမ်းသိရှိခဲ့သည်။
“သေဆုံးသူက သူ့အထည်ဆိုင်မှာရှိတဲ့ ပစ္စည်းတွေကို ပြစ်မှုကျူးလွန်သူရဲ့ အငှားယာဉ်နဲ့ပဲ အမြဲသယ်ယူနေကျ။ အခင်းဖြစ်နေ့က ဆိုင်သိမ်းပြီး အထည်တွေ ကားနဲ့ပြန်သယ်မလို့ အငှားယာဉ်မောင်းကို ဖုန်းဆက်လှမ်းခေါ်ပေမယ့် ရောက်မလာခဲ့ဘူး။ ယာဉ်မောင်းကလည်း အောင်မင်္ဂလာအဝေးပြေးကားဝင်းဆီ ခရီးသည်လိုက်ပို့နေရတော့ အထည်သည်ဆီ ပြန်မလာအားတော့ဘူးလို့ ပြောတယ်။ အထည်သည်က သူ ဆိုင်သိမ်းပြီးချိန်ထိ ကားက အချိန်မီရောက်မလာလို့ ဖုန်းထဲမှာ ဆဲဆိုပြောခဲ့တာကို အငှားယာဉ်မောင်းက မကျေမနပ်ဖြစ်ပြီး ဓားနဲ့လာထိုးသတ်ခဲ့တာ။ တရားခံကို ဖမ်းမိထားပါတယ်”ဟု ရဲအရာရှိက ရှင်းပြသည်။
သေဆုံးသူ စောလှနှင့် ပြစ်မှုကျူးလွန်သူ တင်အောင်လွင် (ခ) အာဝါး (ခ) အငယ်လေးတို့မှာ သင်္ဃန်းကျွန်းမြို့နယ်၊ နှင်းဆီကုန်း (က)ရပ်ကွက်ရှိ သဇင်လမ်းတွင် နေထိုင်သူများဖြစ်ကြပြီး ယင်းအမှုကို ပန်းဘဲတန်းမြို့မရဲစခန်းက (ပ) ၂၈၂/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူ စစ်ဆေးဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
S-03
- VIA
- Voice Admin
- SOURCES
- The Voice
-
24-Feb-2019
-
23-Feb-2019
-
23-Feb-2019
-
23-Feb-2019
-
23-Feb-2019
-
23-Feb-2019
-
15-Feb-2019