News

POST TYPE

LATEST NEWS POST

မုံရွာတွင် ကွမ်းယာဆိုင်မှ မူးယစ်ဆေးဝါးများ ဖမ်းမိ
18-Nov-2018

မုံရွာ၊ နိုဝင်ဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့သစ်ရပ်ရှိ ကွမ်းယာဆိုင်တစ်ဆိုင်ကို သတင်းအရဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါးများနှင့်အတူ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း မြို့မစခန်းထံမှ သိရသည်။

မြို့သစ်ရပ်၊ ဗိုလ်ချုပ်လမ်းဘေးရှိ ကွမ်းယာ ရောင်းချသည့်ဆိုင်ကို နိုဝင်ဘာလ ၁၆ ရက်ကရှာဖွေရာ ဆိုင်ပိုင်ရှင် သိန်းအောင် အသက် ၃၉ နှစ်၏ ပုဆိုးခါးပုံအတွင်းမှ 88/1 စာတန်းပါ စိတ်ကြွဆေးပြား ၄၂ ပြား၊ ဆိုင်ရှေ့သဲပုံအတွင်း ဆေးလိပ်ဘူးခွံဖြင့် ထည့်ထားသည့် ဘိန်းဖြူမှုန့်ပါ ပင်နီဆီလင် ပုလင်းနှစ်လုံးကို သိမ်းဆည်းရမိခဲ့သဖြင့် မြို့မစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း မြို့မစခန်းမှူး ရဲမှူးထွန်းနိုင်ဦးက ပြောကြားသည်။

“ကွမ်းယာရောင်းရင်း မူးယစ်ဆေး ရောင်းနေတာပါ။ ကွင်းဆက်အရ ဖမ်းမိခဲ့တယ်။ ဆက်လက်စစ်ဆေးဆဲပါ”ဟု ၎င်းကဆိုသည်။

အဆိုပါ ဖမ်းဆီးရမိမှု၏ ကွင်းဆက်အဖြစ် အလုံရပ်ရှိ ကင်းချောင်းနေအိမ်တစ်အိမ်မှ အမျိုးသားသုံးဦးနှင့် ချောင်းဦးမြို့နယ်၊ ခင်မွန်ရွာမှ အမျိုးသားတစ်ဦးထံမှ စိတ်ကြွမူးယစ်ဆေးပြားများနှင့် ဘိန်းဖြူတို့ကို ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

R-08