News

POST TYPE

LATEST NEWS POST

ခါရှော့ဂီ အသတ်ခံရမှုနှင့် ပတ်သက်၍ အိမ်ရှေ့မင်းသား ဘင်ဆော်လ်မန်ကို စီအိုင်အေ အပြစ်တင်
18-Nov-2018



ဝါရှင်တန်၊ နိုဝင်ဘာ ၁၇

သတင်းထောက် ခါရှော့ဂီအား လုပ်ကြံသတ်ဖြတ်မှုကို ဆော်ဒီအိမ်ရှေ့ မင်းသား ဘင်ဆော်လ်မန်က ညွှန်ကြားခဲ့သည်ဟု စီအိုင်အေက ယုံကြည်ကြောင်းကို အမေရိကန်မီဒီယာများက ရေးသားခဲ့ကြသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ရရှိသည့် အထောက်အထားများအပေါ် စီအိုင်အေက အသေးစိတ် အကဲဖြတ်မှု ပြုလုပ်ထားသည်ဟု နီးစပ်သူများက ပြောကြားသည်။ လက်ပူးလက်ကြပ်သက်သေမဟုတ်သော်လည်း ထိုကဲ့သို့ လုပ်ရပ်မျိုးတွင် ၎င်း၏ခွင့်ပြုချက် လိုအပ်သည်ဟုဆိုသည်။

ဆော်ဒီဘက်ကမူ ခါရှော့ဂီသည် မိုက်မိုက်ကန်းကန်းလုပ်ကြံမှု အစီအစဉ်တစ်ခုကြောင့် သေဆုံးခဲ့ရကြောင်းနှင့် ထိုအစီအစဉ်ကို မင်းသားက မသိခဲ့ကြောင်း ကာကွယ်ပြောဆိုလျက်ရှိသည်။

ထိုသို့လုပ်ကြံရန် အမိန့်သည် အထက်အဆင့်မှလာခြင်းဖြစ်သည်ဟု တူရကီကလည်း အခိုင်အမာ ပြောဆိုထားသည်။

စီအိုင်အေ၏ အကဲဖြတ်ချက်သည် အိမ်ရှေ့မင်းသား၏ အစ်ကိုဖြစ်သူ အမေရိကန်ဆိုင်ရာ ဆော်ဒီသံအမတ် ခါလက်ဘင် ဆော်လ်မန်ထံမှ ဖုန်းခေါ်ဆိုမှုများအပေါ်တွင် အခြေပြုထားခြင်းဖြစ်သည်ဟု ဝါရှင်တန်ပို့စ် သတင်းစာက ရေးသားသည်။

သံအမတ်ခါလက်သည် ခါရှော့ဂီထံ ဖုန်းဆက်ကာ ကောင်စစ်ဝန်ရုံးသို့ စိတ်ချလက်ချသွားရန် အာမခံခဲ့သည်ဟု စွပ်စွဲ ခြင်းခံနေရသည်။ သို့ရာတွင် ဆော်ဒီသံရုံးကမူ သံအမတ်ခါလက်သည် ခါရှော့ဂီနှင့် တူရကီခရီးစဉ်အကြောင်းကိုသာ ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ငြင်းဆန်ထားသည်။

အဆိုပါသတင်းများနှင့်ပတ်သက်၍ အိမ်ဖြူတော်နှင့် နိုင်ငံခြားရေးဌာနနှစ်ခုစလုံးက မှတ်ချက်ပေးခြင်း မရှိသော်လည်း စီအိုင်အေ၏ သုံးသပ်ချက်များ သတင်းပို့မှုကို ရရှိထားပြီးဖြစ်သည်ဟု သတင်းရင်းမြစ်များကဆိုသည်။

လုပ်ကြံသည့်အဖွဲ့က အိမ်ရှေ့မင်းသား၏ အကြီးတန်းလက်ထောက်ထံ ဆက်သွယ်ခဲ့သည့် ဖုန်းခေါ်ဆိုမှုကိုလည်း စီအိုင်အေက စစ်ဆေးခဲ့သည်ဟု သိရှိရသည်။

လူသတ်မှုနှင့် အိမ်ရှေ့မင်းသားကို တိုက်ရိုက်ဆက်စပ်ရန် အထောက်အထားမရှိသေးသော်လည်း ယင်းကဲ့သို့ လက်မရွံ့ စစ်ဆင်ရေးမျိုးအတွက် ၎င်း၏ ခွင့်ပြုချက်လိုအပ်သည်ဟု ထောက်လှမ်းရေးအရာရှိ များက ယုံကြည်နေကြသည်။

“ဒီကိစ္စမှာ သူမသိပဲ၊ သူမပါပဲ ဒီလိုလုပ်ရပ်မျိုး ဖြစ်လာနိုင်ဖို့ အကြောင်းမရှိပါဘူး”ဟု အမည်မဖော်လိုသော စီအိုင်အေအရာရှိတစ်ဦးက ပြောကြားကြောင်း ဝါရှင်တန်ပို့စ် သတင်းစာက ရေးသားထားသည်။ 

ကြာသပတေးနေ့က ရီယာ့ဒ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဆော်ဒီလက်ထောက်ရှေ့နေချုပ် ရှာလန်း ဘင်ရာဂျစ်ရာလန်းက တရားခံများသည် ခါရှော့ဂီအား ဆေးထိုးသတ်ဖြတ်ကာ အလောင်းကို ဖြတ်တောက်၍ ဒေသခံကြံရာပါတစ်ဦးအား ဖျောက်ဖျက်ရန် ပေးခဲ့ကြသည်ဟု ထုတ်ပြန်ခဲ့သည်။

F-01