News

POST TYPE

LATEST NEWS POST

ညောင်ပင်သာတွင် ဆယ့်နှစ်ဘီးယာဉ်က လမ်းဘေးဈေးဆိုင်များကို ဝင်တိုက်
16-Nov-2018


တောင်ငူ၊ နိုဝင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ညောင်ပင်သာကျေးရွာအုပ်စု ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် နိုဝင်ဘာ ၁၅ ရက်နေ့ ညနေ ၄ နာရီ ၅၀ မိနစ်ခန့်က ရော်ဘာများတင်ဆောင်လာသည့် ၁၂ ဘီးကုန်တင်ယာဉ်က အရှိန်လွန်ပြီး လမ်းဘေးဆိုင်သုံးခုကို ဝင်တိုက်မိရာ အမျိုးသားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ညောင်ပင်သာနယ်မြေရဲစခန်းမှ စုံစမ်းသိရှိရသည်။

“ယာဉ်မောင်းကို ဖမ်းဆီးပြီး ချုပ်ရမာန်ယူနေပါပြီ။ အရှိန်လွန်ပြီး လမ်းဘေးဆိုင်တွေထဲဝင်သွားတာပါ။ တစ်ဦးက ဆေးရုံမှာသေဆုံးသွားပေမယ့် အမျိုးသမီးနှစ်ဦးကစိုးရိမ်စရာမရှိဘူး”ဟု ညောင်ပင်သာနယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

အဆိုပါနေ့ညနေပိုင်းက ရန်ကုန် - မန္တလေးလမ်းဟောင်းအတိုင်း ကညွတ်ကွင်းဘက်မှ ဖြူးဘက်သို့ ရော်ဘာများတင်ဆောင်လာသည့် ၁၂ ဘီးကုန်တင်ယာဉ်ကို အသက် ၄၉ နှစ်အရွယ် ဌေးနိုင်ဆိုသူ မောင်းနှင်လာစဉ် အရှိန်လွန်ပြီး ညောင်ပင်သာကျေးရွာကားဂိတ်အနီးရှိ မုန့်ဟင်းခါးဆိုင်ကိုဝင်တိုက်မိရာမှ အနီးရှိဆိုင်များကိုဆင့်တိုက်မိဖြစ်သည်ဟု ညောင်ပင်သာနယ်မြေရဲစခန်းမှ စုံစမ်းသိရှိရသည်။

အမှုနှင့်ပတ်သက်ပြီး ယာဉ်မောင်းနင်သူဌေးနိုင်ကို ညောင်ပင်သာနယ်မြေရဲစခန်းမှ ယာဉ်(ပ)၃၅/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က /၃၃၇ ဖြင့် အမှုဖွင့်လှစ်စစ်ဆေးဆောင်ရွက်ထားသည်ဟု အဆိုပါရဲစခန်းမှ စုံစမ်းသိရှိရသည်။

R-15