News

POST TYPE

LATEST NEWS POST

မကွေးရှိ ရွာတစ်ရွာမှ မဲအများဆုံးရထားသည့် အုပ်ချုပ်ရေးမှူးကို ခန့်ပေးရန် တောင်းဆို
16-Nov-2018


မကွေး၊ နိုဝင်ဘာ ၁၅

မကွေးမြို့နယ် ထုံးပေါက်တော ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ၌ မဲအများဆုံးဖြင့် အနိုင်ရရှိခဲ့သည့် ကျေးရွာအုပ်ချုပ်ရေးမှူးကို မခန့်ဘဲ အခြားတစ်ယောက်ကို ခန့်အပ်ခဲ့သည့်အတွက် ၎င်းကို ပြန်ခန့်ပေးရန် တောင်းဆိုကြောင်း ယင်းဒေသခံများက ဆိုသည်။

ယင်းသို့ ဦးကျော်ဆန်းဦးကို အုပ်ချုပ်ရေးမှူးအဖြစ် ပြန်လည်ခန့်အပ်ပေးရေးအတွက် မကွေးမြို့ ရွှေအိမ်တော်ခန်းမ၌ နိုဝင်ဘာ ၁၅ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းဒေသခံများက ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါကျေးရွာအုပ်စုတွင် ပထမအကြိမ်အုပ်ချုပ်ရေးမှူးရွေးချယ်စဉ်က အုပ်ချုပ်ရေးမှူးလောင်း ၂ ဦးဖြစ်သည့် ထုံးပေါက်တောရွာမှ ဦးကျော်ဆန်းဦးနှင့် အလယ်ချောင်းရွာမှ ဦးမျိုးမင်းထွန်းတို့ သည် ရမဲ ၅၁၄ မဲ၊ ပယ်မဲ ၄ မဲစီ တူညီနေကြသဖြင့် ဒုတိယအကြိမ် မဲနှိုက်ခဲ့ကြောင်း၊ ယင်းသို့ ရွေးချယ်ရာတွင် ဦးကျော်ဆန်းဦးက အနိုင်ရရှိခဲ့၍ ကြီးကြပ်သူ ၅ ဦးက အတည်ပြုလက်မှတ်ရေးထိုးရာတွင် ၃ ဦးက လက်မှတ်ထိုးခဲ့သော်လည်း ၎င်းကို အနိုင်ပေးခဲ့ခြင်းကို ပယ်ဖျက်၍ တတိယအကြိမ် မဲနှိုက်ရွေးချယ်စေခဲ့ရာ ဦးမျိုးမင်းထွန်းက အနိုင်ရရှိခဲ့ကြောင်း ဦးဆောင်ကန့်ကွက်သူများက ဆိုသည်။

“ထုံးပေါက်တောအုပ်စုမှာ ဖြစ်နေတဲ့ကိစ္စမှာ ပထမအကြိမ်မဲရွေးတုန်းက မဲတူညီနေတဲ့အတွက် ပြန်ရွေးတဲ့အခါ ဦးကျော်ဆန်းဦးက နိုင်ခဲ့တယ်။ အဲဒါကို ကြီးကြပ်ရေးမှူး ၃ ဦးရဲ့ သဘောတူညီချက်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးဆီတင်ပြတဲ့အခါ အတည်ပြုမပေးခဲ့ဘူး၊ နောက်မဲနှိုက်တဲ့အခါ ဖလားထဲကနေ မဲလိပ်နှိုက်အတည်ပြုပေးတာလို့ သိရတယ်၊ အဲဒါကို မကျေနပ်လို့ အခုလို သတင်းစာရှင်းလင်းပွဲလုပ်တာပါ” ဟု အဆိုပါပွဲကို ဦးဆောင်သူ ဦးအေးလွင်က ပြောဆိုသည်။

ယခင်က ထုံးပေါက်တော ကျေးရွာတွင် အုပ်ချုပ်ရေးမှူးမရှိသဖြင့် မူလွန်ကျောင်းတွင်လည်း ကျောင်းအုပ်ကြီးအပါအဝင် ဆရာ ၃ ဦးပြောင်းရွှေ့သွားခြင်းကို အစားထိုးမခန့်အပ်နိုင်ခြင်း၊ မီးလင်းရေးအတွက် လျှပ်စစ်မီးသွယ်တန်းရန် စီမံကိန်းကျခဲ့သော်လည်း သွယ်တန်းမရခြင်း၊ အခြားဒေသများသို့ အလုပ်သွားရောက်လုပ်ကိုင်ကြမည့် လူငယ်များအတွက် မှတ်ပုံတင်ပြုလုပ်ရန် ခက်ခဲနေခြင်းနှင့် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် ကလေးများအတွက် ကျောင်းအပ်ရာ၌ ထောက်ခံချက်ရယူရာများတွင် အခက်အခဲများဖြစ်ပေါ်နေကြောင်း ထုံးပေါက်တောရွာမှ ကျောင်းကော်မတီအဖွဲ့ဝင် ဦးအောင်သောင်းက ဆိုသည်။

“အရှုံးအနိုင်ဆိုတာ တစ်ခုခုနဲ့ ဆုံးဖြတ်ရမှာပဲ၊ အဲဒီအပေါ်မှာ အဖြေထွက်ထားတာကို ဆက်လုပ်နေကြတဲ့အတွက် မလုပ်သင့်ဘူးလို့ ပြောချင်တာ၊ အုပ်စုအတွင်း ၅ ရွာမှာ ၄ ရွာက အလုပ်လုပ်နေကြပြီ၊ သူတို့တစ်ရွာတည်း လုပ်နေလို့ ဖွံ့ဖြိုးရေးတွေ နောက်ကျနေတာ” ဟု အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ခံရသူ ဦးမျိုးမင်းထွန်းက ပြောဆိုသည်။

ထုံးပေါက်တာကျေးရွာမှ ဦးမျိုးမင်းထွန်းအုပ်ချုပ်ရေးမှူးဖြစ်သည်ကို မကျေနပ်၍ ယခုကဲ့သို့ အခက်အခဲဖြစ်နေသည်ဟု ပြောဆိုခြင်းဖြစ်ပြီး ဦးမျိုးမင်းထွန်း အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခံရသည်ကို ကြီးကြပ်သူ ၅ ဦးလုံးက အတည်ပြုသည့်အတွက် အုပ်ချုပ်ရေးမှူးခန့်ခြင်း ဖြစ်သကဲ့သို့ ရပ်/ကျေးဥပဒေဖြင့်လည်း ညီမျှကာ ဦးမျိုးမင်းထွန်းမှာ အုပ်ချုပ်ရေးမှူး အရည်အချင်းဖြင့်လည်း ပြည့်စုံသည့်အတွက် အတည်ပြုခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း မကွေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က ပြောဆိုသည်။

R-23