News

POST TYPE

LATEST NEWS POST

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ရခိုင်အမျိုးသားပါတီမှ နုတ်ထွက်
15-Nov-2018

ရန်ကုန်၊ နိုဝင်ဘာ ၁၅

ရခိုင်အမျိုးသားပါတီ (ANP) မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးလည်းဖြစ်သည့် ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်သည် ပါတီထံ နုတ်ထွက်စာ ပေးပို့ခဲ့ကြောင်း ကာယကံရှင်က ပြောကြားသည်။

ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်အပေါ် ရခိုင်အမျိုးသားပါတီမှ အရေးယူဆောင်ရွက်ခဲ့မှုသည် ပါတီမူဝါဒ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှု မရှိဟု ထင်မြင်ချက်ကြောင့် ပါတီတာဝန်ရှိသူများနှင့် ယုံကြည်မှု ပျက်စီးသွားသည့်အတွက် ပါတီမှ နုတ်ထွက်ခွင့်ပြုရန် နုတ်ထွက်စာတွင် ဖော်ပြထားသည်။

အဆိုပါပြဿနာ ဖြစ်ပွားပြီးသည့်နောက်ပိုင်းမှစတင်ကာ ပါတီတာဝန်ရှိသူများနှင့် ဝေးကွာသွားခဲ့ခြင်းဖြစ်ပြီး ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးများလည်း ဖိတ်ကြားခြင်းမရှိတော့ကြောင်း နုတ်ထွက်စာတင်သည့် ဦးကျော်လွင်က ပြောကြားသည်။

“ဒီလိုမျိုးဖြစ်နေတာ ကြာပြီဆိုတော့လည်း နုတ်ထွက်လိုက်တာ အကောင်းဆုံးပါပဲ။ ကျွန်တော်လည်း လုပ်စရာရှိတာ ကင်းကင်းရှင်းရှင်း လုပ်လို့ရသွားအောင်ပါ”ဟု ၎င်းကဆိုသည်။ 

ရခိုင်အမျိုးသားပါတီထံမှ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ခွဲထွက်ခဲ့စဉ်က ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ခြောက်ဦးခန့် နုတ်ထွက်သည့်ဖြစ်စဉ် ဖြစ်ခဲ့ပြီး ယခု ဦးကျော်လွင်သည် မူလ ANP ပါတီမှ နုတ်ထွက်သူဖြစ်လာသည်။ 

ဦးကျော်လွင်သည် ရခိုင်အမျိုးသားပါတီ ၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်စဉ်က ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဖြစ် တာဝန်ယူခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ်သည်။ 

J-08