News

POST TYPE

LATEST NEWS POST

အင်းစိန်တွင် WY ဆေးပြားများ ရောင်းချနေသူကို ဖမ်းမိ
15-Nov-2018
ရန်ကုန်၊ နိုဝင်ဘာ ၁၄

အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ သီရိလမ်းရှိ နေအိမ်တစ်အိမ်တွင် နိုဝင်ဘာလ ၁၃ ရက် ညပိုင်းက WY စိတ်ကြွရူးသွပ်ဆေးပြားများ ဖြန့်ဖြူးရောင်းချနေသည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိသူ ကျော်ဇေယျာမြင့် (ခ) ဖိုးပေါက်ကို ယင်းနေ့က အင်းစိန်မြို့နယ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြားအချို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီးနောက် ၎င်းကို အင်းစိန်မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က)ဖြင့် အမှုဖွင့် အရေးယူစစ်ဆေးခဲ့သည်။

စစ်ဆေးပေါ်ပေါက်ချက်အရ ကျော်ဇေယျာမြင့် (ခ) ဖိုးပေါက် နေထိုင်သည့် ဖော့ကန်ရပ်ကွက်၊ သီရိလမ်းရှိ နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ရာ ဧည့်ခန်းထဲရှိ လွယ်အိတ်ထဲမှ ပလတ်စတစ် အကြည်အိတ်ဖြင့် ထည့်ထားသော WY စာတန်းပါ စိတ်ကြွဆေးပြား ၁၀၉၇ ပြားကို သိမ်းဆည်းရမိသဖြင့် ရပ်ကွက်အတွင်း မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချနေသည့် အမှုမှပါဝင်သော ကွင်းဆက် တရားခံများကို ဆက်လက် ဖော်ထုတ်အရေးယူနိုင်ရန် စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

S-03