News

POST TYPE

LATEST NEWS POST

စားကျက်မြေတွင် နွားကျောင်းသူများကို အမှုဖွင့်၍ ဝန်ကြီးချုပ်ထံတင်ပြသော်လည်း မထူးခြား
12-Nov-2018

တောင်ငူ၊ နိုဝင်ဘာ ၁၁

ပဲခူးတိုင်း ဝေါမြို့နယ် အဘားကျေးရွာအုပ်စုရှိ တောင်သူများ၏ ကျွဲ၊ နွားများကို ကျေးရွာပိုင်စားကျက်မြေတွင် လွှတ်ကျောင်းသူများကို ကျူးကျော်စိုက်ပျိုးသူများက တရားစွဲဆိုနေခြင်းနှင့် ပတ်သက်၍ ပဲခူးတိုင်းဝန်ကြီးချုပ်နှင့်တွေ့ဆုံစဉ် တင်ပြခဲ့သော်လည်း မည်သို့ဖြေရှင်းပေးမည်ဆိုသည်ကို တိတိကျကျ ပြောကြားခြင်းမရှိကြောင်း ဝေါမြို့နယ် တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထိုက်က ပြောကြားသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့က ပဲခူးမြို့တွင် ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် မဏ္ဍိုင်သုံးရပ်တွေ့ဆုံပွဲ၌ ဒေါ်ရီရီထိုက်က ဝန်ကြီးချုပ်ထံသို့ ယင်းကိစ္စနှင်ပတ်သက်၍ တင်ပြရာတွင် အကြောင်းမထူးခဲ့ခြင်းဖြစ်သည်။

“ဝန်ကြီးချုပ်က ဒီကိစ္စနှင့်ပတ်သက်ပြီး ဘယ်လိုလုပ်ပေးမယ်၊ ဘယ်လိုဖြေရှင်းပေးမယ်ဆိုတာမျိုး ဘာမှတိတိကျကျမပြောဘူး” ဟု ဒေါ်ရီရီထိုက်က ပြောဆိုသည်။

၂၀၁၆ ခုနှစ်က စားကျက်မြေပေါ် နွားကျောင်းသူ ၂၄ ဦးကို ကျူးကျော်လုပ်ကိုင်သူများက ရာဇသတ်ကြီးပုဒ်မ ၄၄၇/၄၂၇ များဖြင့် အမှုဖွင့်ခဲ့သည့် အတွက် ၂ နှစ်နီးပါး တရားရင်ဆိုင်ခဲ့ကြရာမှ ပြီးခဲ့သည့်ရက်ပိုင်းက တစ်ဦးလျှင် ငွေဒဏ်ကျပ်နှစ်သောင်းစီ ဝေါမြို့နယ် တရားရုံးတွင် ချမှတ်ခံခဲ့ရကြောင်း၊ ယခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က ၄၈ ဦးကို ထပ်မံတရားစွဲထားကြောင်း တရားစွဲခံရသူများထံမှ သိရသည်။

“စားကျက်မြေမှာ ကျွဲ၊ နွားကျောင်းစရာ စားစရာမရှိဘူးဖြစ်နေတယ်၊ အချိန်ကုန် နှစ်တွေကြာတဲ့အထိ တရားစွဲခံထားရတယ်၊ ဒါကိုအစိုးရတစ်ရပ်အနေနဲ့ ဥပဒေမဲ့ ကျူးကျော်နေသူတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးရမှာပါ” ဟု ဒေါ်ရီရီထိုက်က ပြောဆိုသည်။

အဆိုပါအဘားကျေးရွာ အနီး တစ်ဝိုက် စားကျက်မြေဧက ၅၅၀ ကျော် ခန့်ရှိပြီး လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ကျော် ခန့်ကတည်းက ဒေသခံတောင်သူများ၏ ကျွဲ၊ နွားများလွှတ်ကျောင်းရာ နေရာဖြစ်ခဲ့သော်လည်း တပ်မတော်အစိုးရလက်ထက်တွင် စတင်၍ကျူးကျော်စိုက်ပျိုးလုပ်ကိုင်ခဲ့ကြကာ ၂၀၁၆ ခုနှစ်ခန့်တွင် စိုက်ပျိုးလုပ်ကိုင်နေသူများနှင့် ဒေသခံများအကြား ပြဿနာများဖြစ်ပေါ်ခဲ့ကြောင်း အဘားဒေသခံ ဦးမြင့်နိုင်က ပြောကြားသည်။

ကျူးကျော်စိုက်ပျိုးနေသူများကို မစိုက်ပျိုးရန် တားမြစ်သော်လည်း မရကြောင်း၊ ယင်းကြောင့်မြို့နယ်နှင့် ခရိုင်အဆင့်ဆင့်ကို ဆက်လက်တင်ပြသော်လည်းမရဘဲ မြစ်ကျိုးနယ်မြေရဲစခန်းတွင် ယခုနှစ်အောက်တိုဘာလခန့်က အမှုဖွင့်ခဲ့ကြောင်း၊ ယင်းရဲစခန်းက အမှုဖွင့်ပေးသော်လည်း တရားရုံးက လက်မခံသည့်အပြင် ပြဿနာကို ဖြေရှင်းပေးနေသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ကိုယ်တိုင်အတွက်ပင် လုံလောက်သည့် အကာအကွယ်များမရခဲ့ကြောင်း အဘားကျေးရွာအုပ်ချုပ်ရေးမှူး ဦးချိုနိုင်မြင့်က ပြောကြားသည်။

R-15