News

POST TYPE

LATEST NEWS POST

ရေကြည် စည်ပင်ဥက္ကဋ္ဌနှင့်ဝန်ထမ်း ၃ ဦးကို ပြည်သူ့ဘဏ္ဍာ အလွဲသုံးမှုဖြင့် ဖမ်းဆီး
23-Oct-2018

ပုသိမ်၊ အောက်တိုဘာ ၂၃

ဧရာဝတီတိုင်း ရေကြည်မြို့နယ် စည်ပင်ဥက္ကဋ္ဌနှင့် ဝန်ထမ်း ၃ ဦးကို ပြည်သူ့ဘဏ္ဍာ ကျပ်သိန်း ၅၀၀ ကိုယ်ကျိုးစီးပွားအတွက် ရယူထားသည်ဆိုပြီး မနေ့ကစ၍ ဖမ်းဆီးစစ်ဆေးနေကြောင်း တိုင်းအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးရုံးနှင့် ယင်းမြို့နယ် တိုင်းလွှတ်တော်အမတ်ထံမှ သိရှိရသည်။

ဖမ်းဆီးစစ်ဆေးခံနေရသူ ၄ ဦးမှာ ရေကြည်မြို့နယ် စည်ပင်မှ လက်ထောက်အင်ဂျင်နီယာ ဦးဝင်းကို၊ အမှုဆောင်အရာရှိ လ/ထ-ညွှန်ကြားရေးမှူး ဦးသိန်းလွင်၊ ယခင်အမှုဆောင်အရာရှိ ဒု-ညွှန်ကြားရေးမှူး ဦးသက်နိုင်ဝင်း (ယခုဝါးခယ်မမြို့နယ်စည်ပင်)နှင့် ရေကြည်မြို့နယ် စည်ပင်ဥက္ကဋ္ဌ ဦးကျော်ဇင်မိုးတို့ဖြစ်ကြောင်း စည်ပင်ဝန်ကြီးရုံးမှ သိရသည်။

၂၀၁၆-၂၀၁၇၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်များတွင် ရေကြည်မြို့နယ်စည်ပင်မှ အင်ဂျင်နီယာ ဦးဝင်းကိုသည် လုပ်ငန်းဆောင်ရွက်ရာတွင် အမှန်တကယ် ဝယ်ယူခြင်းမရှိသောပစ္စည်းများကို ဝယ်ယူကြောင်းတင်ပြခြင်း၊ လုပ်အားခပေးချေရာတွင်လည်း အမှန်ကုန်ကျစရိတ်ထက် ပိုတင်ပြခြင်း၊ လုပ်ငန်းသုံးပစ္စည်းများကို ဒေသပေါက်ဈေးထက် ပိုတင်ပြခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း အဆိုပါရုံးမှ သိရသည်။

ထိုသို့ ဆောင်ရွက်မှုကြောင့် ပြည်သူ့ဘဏ္ဍာ ကျပ်သိန်း ၅၀၀ နစ်နာဆုံးရှုံးခဲ့၍ အဂတိကော်မရှင်သို့ တိုင်ကြားချက်အရ ကော်မရှင်က စစ်ဆေးခဲ့ရာ အလွဲသုံးစားမှု ပေါ်ပေါက်ခဲ့သော်လည်း ၂၀၁၃ ခုနှစ် အဂတိဥပဒေအရ အရေးယူဆောင်ရွက်၍မရသဖြင့် သင့်တော်ရာဥပဒေဖြင့် အရေးယူဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ အကြောင်းကြားခဲ့သည်ဟု အဆိုပါရုံးမှ သိရသည်။

ထို့အခါ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ငြိမ်းငြိမ်းခိုင်က ရေကြည်မြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ ၄ ဦးကို ရေကြည်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ - ၄၀၉၊ ၁၀၉၊ ၁၁၄ ဖြင့် အမှုဖွင့်စစ်ဆေးနေခြင်းဖြစ်ကြောင်း စည်ပင်သာယာရေးဝန်ကြီးရုံးမှ သိရသည်။

R-11