News

POST TYPE

LATEST NEWS POST

နေပြည်​​တော်​တွင်​ ယာဉ်​နှစ်စီး တိုက်​မိ၍ လူ ၃၀ ကျော် ဒဏ်ရာရ
23-Oct-2018


တောင်ငူ၊ ​အောက်​တိုဘာ၂၃

နေပြည်​​တော်​​ ဒက္ခိဏသီရိမြို့နယ်​ မိုး​ဝေလမ်းနှင့် မဉ္ဇူသကလမ်းဆုံအနီးတွင်​ ယ​နေ့ နံနက်​ ၁၁ နာရီခန့်က ခရီးသည်​တင်​ယာဉ်​နှင့်​ အိမ်​စီးယာဉ်​ တိုက်​မိရာ အမျိုးသား၊ အမျိုးသမီး ၃ဝ ကျော် ဒဏ်​ရာရခဲ့ကြောင်း ​နေပြည်​​တော်​ ယာဉ်​ထိန်းရဲတပ်​ဖွဲ့မှူးရုံးမှ အမှုစစ်​ရဲအရာရှိ ဒုရဲမှူး​သောင်းထိုက်​ဦးက ​ပြောကြားသည်​။

ဒက္ခိဏသီရိမြို့နယ်​ မဉ္ဇူသကလမ်းအတိုင်း အ​ရှေ့မှအ​နောက်​သို့ ဦးလှမင်းနိုင်(၄၁ နှစ်ခန့်)​မောင်းနှင်​ပြီး ခရီးသည် ​ကျား၊ မ ၄၄ ​ယောက်​ခန့်​ ပါလာသည့်​ ​တောင်​​ပေါ်သား ခရီးသည်​တင်ယာဉ်​ကို စောနိုင်ဝင်း(၂၄ နှစ်ခန့်) မောင်းနှင်ပြီး သုံးဦးပါလာသည့် အိမ်စီးယာဉ်က အရှိန်ဖြင့် ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါရုံးမှ သိရသည်။

ယာဉ်တိုက်မှုဖြစ်သည့် လမ်းဘေးတွင်ရှိနေသည့် ဦးငယ်ထွေးဆိုသူက “ခရီးသည်တင်ယာဉ်က အမြန်လမ်းပေါ်တက်ဖို့မောင်းလာချိန် လမ်းသွယ်ထဲက ထွက်လာတဲ့အိမ်စီးမော်တော်ယာဉ်က ဝင်တိုက်တာပါ။ ဝုန်းခနဲအသံကြားလို့ ကြည့်တဲ့အချိန် ခရီးသည်တင်ယာဉ်က တုံးလုံးကြီးလဲနေပြီး ကားလေးက စုတ်ပြတ်ထွက်သွားတယ်”ဟု ပြောသည်။

ယာဉ်နှစ်စီးတိုက်မိ၍ ကျား ၁၂ ဦး၊ မ ၁၉ ဦး ဒဏ်ရာရသဖြင့် လယ်ဝေးမြို့ ခုတင် ၁၀၀ ဆေးရုံနှင့် နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကြီးသို့ ပို့ဆောင်ကုသထားကြောင်း၊ ယာဉ်မောင်းနှစ်ဦးကို ယာဉ်မဆင်မခြင်မောင်းနှင်မှု၊ လူထိခိုက်ဒဏ်ရာ ရရှိမှုဖြင့် ပုဒ်မ ၃၃၈၊ ၃၃၇၊ ၂၇၉ ဖြင့် အမှုဖွင့်မည်ဖြစ်ကြောင်း နေပြည်တော် ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။

R-15