News

POST TYPE

LATEST NEWS POST

အကြမ်းဖက်မှုကို ဆန္ဒပြအလုပ်သမားများက ဖန်တီးဟု ဝန်ခံကတိထိုးရမည့်အချက်ကြောင့် ဖုယွင်သပိတ် ညှိနှိုင်းမှု ပြေလည်မှုမရ
22-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၂၁

ဖုယွင် အလုပ်သမားသပိတ် အကြမ်းဖက်မှုကို ဆန္ဒပြအလုပ်သမားများက ဖန်တီးခဲ့ကြောင်း ဝန်ခံကတိလက်မှတ်ထိုးလျှင် အလုပ်ပြန်ခန့်မည် ဆိုသည့်အချက်ကို လုံးဝ လက်မခံကြောင်း ဖုယွင်စက်ရုံမှ အလုပ်သမားသမဂ္ဂ မသက်ထားဆွေက ပြောကြားသည်။

“စက်ရုံက လူမိုက်ငှားပြီး ရိုက်ခိုင်းတာ သက်သေလည်းရှိတယ်။ စက်ရုံက ဥပဒေချိုးဖောက်ပြီး အကြမ်းဖက်တာကို သပိတ်က အလုပ်သမားတွေက လုပ်တာပါလို့ ဝန်ခံထားခိုင်းတယ်။ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အချက် ၇ ချက်ကို လက်မှတ်ထိုးရင် အလုပ်သမား ပြန်ခန့်မယ်ပြောတယ်။ ကျွန်မတို့ကတော့ သပိတ်မရ ရအောင်တိုက်ပွဲဝင်မယ်”ဟု မသက်ထားဆွေက ဆက်လက်ပြောကြားသည်။

နှစ်လကြာသည်အထိ ပြေလည်မှုမရရှိသည့် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဖုယွင်စက်ရုံ ဆန္ဒပြအလုပ်သမား အလုပ်ရှင်ညှိနှိုင်းမှုကို ဒဂုံဆိပ်ကမ်းမြို့နယ် ညှိနှိုင်းဖျန်ဖြေရေးရုံးတွင် အောက်တိုဘာ ၂၀ ရက်ကညှိနှိုင်းခဲ့ရာ အလုပ်ရှင်ဘက်မှ အချက် ၇ ချက်ကို ဝန်ခံကတိလက်မှတ်ထိုးလျှင် အလုပ်ထုတ်ထားသည် အလုပ်သမား အယောက် ၃၀ ကို အလုပ်ပြန်ခန့်မည်ဟု တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ညှိနှိုင်းရာတွင် အလုပ်ရှင်က အောက်တိုဘာ ၁၅ ရက်ကဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုသည် အလုပ်သမားသပိတ်က ဆောင်ရွက်ခဲ့ကြောင်း၊ စက်ရုံနှင့် လုံးဝ မပတ်သက်ကြောင်း၊ လုပ်ငန်းခွင်ဝင်ရောက်လျှင် တရားမဝင် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်းမပြုလုပ်ရ၊ စက်ရုံစည်းကမ်းချက်မှန်သမျှ လိုက်နာရန်၊ Leader တောင်းဆိုသည့် အထည်စံနှုန်းရရှိအောင် ဆောင်ရွက်ရန်၊ မိမိတာဝန်ယူသည် ဌာနအပြင် အခြားဌာနမှ အလုပ်ရှိပါက လုပ်ဆောင်ပေးရန်၊ ဆန္ဒပြအလုပ်သမားများနှင့် အခြားအလုပ်သမားများကြား ခိုက်ရန် မဖြစ်ပွားရန် အချက် ၇ ချက်ကို ဝန်ခံကတိ လက်မှတ်ရေးထိုးရန် အလုပ်ရှင်က တောင်းဆိုခဲ့သည်။

အဆိုပါ ၇ ချက်ကို ဆန္ဒပြအလုပ်သမားများ သဘောတူပါက အလုပ်ထုတ်ထားသည့် အလုပ်သမား ၃၀ ကို အလုပ်ပြန်ခန့်မည်ဟု ညှိနှိုင်းရာတွင် ပြေလည်မှု မရရှိသောကြောင့် ဥပဒေအရ ဆက်လက်ဆောင်ရွက်မည်ဟု ယင်းစက်ရုံမန်နေဂျာ ဦးသိန်းဆွေက ပြောကြားသည်။

“အလုပ်ပြန်ခန့်ရေးကို ဦးတည်ညှိနှိုင်းတာပဲ၊ အလုပ်ရှင်က တောင်းဆိုချက်ကို ဝန်ခံကတိလက်မှတ်ထိုးရင် အလုပ်ပြန်ခန့်မှာပါ၊ သမဂ္ဂဥက္ကဋ္ဌက သဘောမတူဘူးဖြစ်နေတယ်။ အဲတော့ ဥပဒေအတိုင်း ဆက်သွားရမှာပေါ့”ဟု ၎င်းကဆိုသည်။

ဖုယွင် အထည်ချုပ်စက်ရုံမှ အလုပ်သမားသမဂ္ဂအယောက် ၃၀ ကို အလုပ်ကထုတ်ပယ်ရာမှ စက်ရုံရှေ့တွင် ဆန္ဒဖော်ထုတ်မှု ၂ လကြာမြင့်ပြီးဖြစ်သည်။

ထို့အပြင် အောက်တိုဘာ ၁၅ ရက်က ဆန္ဒပြအလုပ်သမားသပိတ်ကို စက်ရုံကငှားရမ်းထားသည် လူတစ်စုကြား ရုန်းရင်း ဆန်ခတ်ဖြစ်ပွားမှုကြောင့် အလုပ်သမား ၂၄ ဦး ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့သည်။

ထို့အပြင် ဖုယွင်စက်ရုံအလုပ်ရှင် အလုပ်သမား မပြေလည်မှုကို မြို့နယ်၊ တိုင်း၊ ခရိုင်အဆင့်ဆင့် ညှိနှိုင်းမှုမပြေလည်သောကြောင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့က တိုက်ရိုက်ကိုင်တွယ် ဖြေရှင်းမည်ဟု ရန်ကုန်တိုင်း အလုပ်သမားဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားထားသည်။

သပိတ်အကြမ်းဖက်မှုဖြစ်စဉ်တွင် ပြစ်မှု ကျူးလွန်သူများကို ဥပဒေအရ အရေးယူရန် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ညွှန်ကြားထားသည်။

J-18