News

POST TYPE

LATEST NEWS POST

ကွယ်လွန်သူ မသွယ်ဇင်ငြိမ်း၏ မိဘများထံ နိုင်ငံတော်အတိုင်ပင်ခံနှင့် ပညာရေးဝန်ကြီးတို့က ဝမ်းနည်းကြောင်း စာလွှာပေးပို့
20-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၁၉

လေယာဉ်ပျက်ကျမှု၌ မတော်တဆ သေဆုံးခဲ့သော မသွယ်ဇင်ငြိမ်း၏ မိဘများထံသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးတို့က ဝမ်းနည်းကြောင်းစာလွှာပေးပို့သည်ဟု ဖခင် ဦးခင်မောင်ဖြူက ဆိုသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးတင်ဝင်းရွှေ မင်းဘူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံ တိုင်းပညာရေးမှူးတို့က အောက်တိုဘာလ ၁၉ ရက်နေ့ ည ၈ နာရီအချိန်တွင် ပေးပို့သော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းနည်းစကားစာလွှာတွင် ''ယခုကဲ့သို့ မမျှော်လင့်ဘဲ သမီးလေး မသွယ်ဇင်ငြိမ်း ရုတ်တရက် ကွယ်လွန်သွားခဲ့တဲ့အတွက် မိဘနှစ်ပါးအနေနဲ့ ယူကြုံးမရ ထိခိုက်ကြေကွဲနေမယ်ဆိုတာကိုလည်း မိဘချင်း ကိုယ်ချင်းစာစိတ်ဖြင့် မျှဝေခံစားရပါတယ်”ဟု ဖော်ပြထားသည်။

ထိုအပြင် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၉ ရက် နေ့စွဲပါ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၏ ဝမ်းနည်းစကားစာလွှာတွင် “ဤကဲ့သို့ မမျှော်လင့်ဘဲ ဆုံးပါးသွားခဲ့သည့်အတွက် ကျန်ရစ်သူ မိသားစုနှင့်အတူ ဝမ်းနည်းကြေကွဲရပါကြောင်း အားပေးစကား ပြောကြားအပ်သည်။

မကွေးလေတပ်စခန်းဌာနမှ စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် F-7 လေယာဉ်လေးစီး လေ့ကျင့်ပျံသန်းစဉ် ရာသီဥတု ဆိုးရွာမှုကြောင့် လေယာဉ်နှစ်စင်း ပျက်ကျခဲ့သည်။ ယင်းလေယာဉ် နှစ်စင်းသည် မင်းဘူးမြို့ ဆားဗွတ်ချောင်းတံတား အနီးနှင့် သနပ်ပင်ကျေးရွာ အနောက်ဘက် မီတာ ၁၀၀၀ ခန့်တွင် ပျက်စီးပျက်ကျသည်။ ဆားဗွတ်ချောင်းအနီးတွင် ပျက်ကျသည့်လေယာဉ်၏ အစိတ်အပိုင်းမှ မင်းဘူးမြို့ အမှတ် ၄ ရပ်ကွက် အေးမြသာယာမြို့ကွက်သစ်နေ ဦးခင်မောင်ဖြူနှင့် ဒေါ်ခင်နှင်းအေးတို့၏သမီး ပဉ္စမတန်းကျောင်းသူ မသွယ်ဇင်ငြိမ်း ၁၁ နှစ်အားထိမှန်၍ ဒဏ်ရာရှိခဲ့ရာတွင် မင်းဘူးဆေးရုံ၌ ဆေးကုသမှုခံယူစဉ် ယင်းနေ့ နံနက် ၈ နာရီ ၄၀ တွင် သေဆုံးခဲ့သည်။