News

POST TYPE

LATEST NEWS POST

ဘိုကလေးတွင် လင်မယားနှစ်ဦး မိုးကြိုးပစ်ခံရ၍ သေဆုံး
09-Oct-2018

ပုသိမ်၊ အောက်တိုဘာ ၈

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် ကဇန်းဒေါင့်မြစ်အတွင်း ငါးဖမ်းပိုက်မျှောနေသည့် လင်မယား ၂ ဦး အောက်တိုဘာ ၇ ရက်နေ့ နံနက်ပိုင်းက မိုးကြိုးပစ်ခံရ၍ သေဆုံးခဲ့ကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ယင်းကျေးရွာနေ ကိုဝင်းကို (၂၄ နှစ်) နှင့် မစိုးသန္တာလင်း (၂၂ နှစ်) တို့ လင်မယားကို ငါးဖမ်းပိုက်လှေနှင့်အတူ အောက်တိုဘာ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ဝန်းကျင်က မိုးကြိုးပစ်ခံထားသည့်ပုံစံဖြင့် တွေ့ရှိခဲ့ကြောင်း ပျဉ်းမကုန်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်သန်းက ပြောဆိုသည်။

“နံနက်ပိုင်းက မိုးရွာတယ်၊ မြစ်ဘက်က မိုးကြိုးပစ်သံကြားတယ်၊ မိုးကြိုးပစ်ပြီးလို့ နေ့လယ် ၂ နာရီလောက်မှာ နှစ်ဦးစလုံး သေနေတာကို သူတို့လှေထဲမှာတွေ့ကြရတာ”ဟု ၎င်းက ပြောဆိုသည်။

လင်မယား ၂ ဦး၏ ရုပ်အလောင်းကို ဘိုကလေးဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး သေဆုံးမှုနှင့်ပတ်သက်၍ မြင်းကကုန်း နယ်မြေရဲစခန်းက သေမှုသေခင်းအမှုရေးဖွင့်ကာ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်၊ မဟုတ် စစ်ဆေးနေကြောင်း ယင်းရဲစခန်းထံမှသိရသည်။  

R-12