News

POST TYPE

LATEST NEWS POST

SME များကို စီးပွားရေးစီမံကိန်း ရေးဆွဲနည်းဆိုင်ရာသင်တန်းပေးမည်
09-Oct-2018
ရန်ကုန်၊ အောက်တိုဘာ ၈

ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းရှင်များ မိမိတို့၏ စီးပွားရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် စနစ်တကျ အစီအစဉ်ရေးဆွဲနည်းဆိုင်ရာ Business Plan သင်တန်းကို သင်ကြားပို့ချမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနထံမှ သိရသည်။

သင်တန်းကို အောက်တိုဘာလ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းထောင့်ရှိ အမှတ် (၃၅)၊ SME ဌာနသင်တန်းခန်းမတွင် ပြုလုပ်မည်ဖြစ်သည်။

ယင်းသင်တန်းတွင် စနစ်တကျ အစီအစဉ်ရေးဆွဲတတ်စေရန် နည်းလမ်းများ၊ အကောင်အထည်ဖော်ဆောင်ရွက်လိုသည့် Business Idea များအပါအဝင် လုပ်ငန်းဆိုင်ရာ အခြေခံကောင်းများ၊ ချေးငွေလျှောက်ထားရာတွင် ဖော်ပြပေးရမည့် လုပ်ငန်းဆိုင်ရာ အကြောင်းအရာများကိုလည်း ထည့်သွင်းသင်ကြားပေးမည်ဖြစ်ကြောင်း အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနထံမှ သိရသည်။

သင်တန်းကာလသုံးရက်အတွင်း နေ့လယ်စာ၊ သင်ရိုးညွှန်းတမ်းများနှင့် သင်တန်းဆင်းလက်မှတ်များအပါအဝင် သင်တန်းကြေးမှာ ကျပ် ၆၅,၀၀၀ ဖြစ်ပြီး သင်တန်းသားဦးရေ ၃၅ ဦးအထိသာ လက်ခံမည်ဖြစ်ကြောင်း၊ တက်ရောက်လိုသူများအနေနှင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဌာန၊ ဖုန်း ဝ၉- ၇၉၈၄၇၃၄၇၂၊ ဝ၉- ၇၉၅၉၅၆၈၁၄၊ ဝ၉- ၃၁၅၇၉၆၇၉ တို့ထံ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ယင်းဌာနထံမှ သိရသည်။

J-11