News

POST TYPE

LATEST NEWS POST

အစပျိုး SME လုပ်ငန်းရှင် ငါးဦး ရွေးချယ်
01-Oct-2018
ရန်ကုန်၊ စက်တင်ဘာ ၃၀

ASEAN Business Incubation Network-ABINet အစီအစဉ်၏ ASEAN Technology Business Incubation Model ပုံစံအရ ငွေကြေး၊ နည်းပညာနှင့် အကြံဉာဏ်များ ထောက်ပံ့ပေးရန် အစပျိုး SME လုပ်ငန်းရှင်ငါးဦးကို ရွေးချယ်လိုက်ကြောင်း စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနထံမှ သိရသည်။

ဩဂုတ်လ ၂၈ ရက်နေ့ နောက်ဆုံးထားကာ အစပျိုး SME လုပ်ငန်းရှင်များကို လျှောက်လွှာခေါ်ယူထားခြင်းဖြစ်ပြီး လျှောက်ထားလာသည့် အစပျိုး SME လုပ်ငန်းရှင် ၅၈ ဦးအနက် ၅ ဦးကို ရွေးချယ်လိုက်ခြင်းဖြစ်ကြောင်း၊ စက်တင်ဘာလ ၂၈ ရက်နေ့က ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ SME Center တွင် ရွေးချယ်ခံရသူ ငါးဦးနှင့် အကြံပေးပုဂ္ဂိုလ် ရှစ်ဦးတို့တွေ့ဆုံ၍ ရွေးချယ်ခံရသည့် ထုတ်ကုန်များနှင့်ပတ်သက်ပြီး အခက်အခဲများ၊ လိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း ယင်းဦးစီးဌာနထံမှ သိရသည်။

ရွေးချယ်ခံရသည့် အစပျိုး SME လုပ်ငန်းရှင်ငါးဦးတွင် “မြတ်ဆွမ်းအုပ်” Healthy and Herbal Food လုပ်ငန်း၊ “Gwat Gwat” ဝါးလက်မှုလုပ်ငန်း၊ “အောင်တော်ဝင်” ရှားစောင်းလက်ပက် ထုတ်ကုန်လုပ်ငန်း၊ “555” ထန်းလျက်မှုန့်လုပ်ငန်း၊ “GP Imortal Garden” ဝဥထုတ်လုပ်ရေးလုပ်ငန်းတို့ဖြစ်ပြီး ယင်းလုပ်ငန်းများအတွက် ကနဦးအထောက်အပံ့ဖြစ်သည့် Business Plan ရေးသားခြင်းကို စတင်ရွေးချယ်ကူညီပေးခဲ့ကြောင်း ယင်းဌာနထံမှသိရသည်။

ရွေးချယ်ခံရသည့် SME လုပ်ငန်းများအတွက် လိုအပ်သည့် နည်းပညာများ ထောက်ပံ့ပေးခြင်း၊ ဈေးကွက်ပိုမိုရရှိအောင် ဆောင်ရွက်နိုင်ခြင်း၊ တီထွင်ဆန်းသစ်မှုဆိုင်ရာ သင်တန်းများ တက်ရောက်နိုင်ခြင်း၊ အကြံပေးပုဂ္ဂိုလ်များနှင့် ချိတ်ဆက်၍ စီးပွားရေးဆိုင်ရာအကြံဉာဏ်များ ရယူနိုင်ခြင်း၊ နိုင်ငံတကာသင်တန်းများ၊ လေ့လာရေးခရီးစဉ်များ၊ SME Trade Fair များသို့ သွားရောက်နိုင်ခြင်းအပြင် အွန်လိုင်း (သို့မဟုတ်) ဖုန်းဖြင့် အကြံပြုခြင်းများ၊ လက်တွေ့ပြသခြင်းများဖြင့် ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနထံမှ သိရသည်။

ASEAN Business Incubation Network-ABINet အစီအစဉ်သည် အရင်းအနှီးအနည်းငယ်ဖြင့် လုပ်ငန်း စတင်လုပ်ကိုင်သည့် စွန့်ဦးတီထွင်လုပ်ငန်းများကို အောင်မြင်သည့် SME လုပ်ငန်းများအဖြစ် ရပ်တည်နိုင်ရန် ကူညီထောက်ပံ့ပေးသည့် အစီအစဉ်တစ်ခုဖြစ်သည်။ 

J-11


  • VIA