News

POST TYPE

LATEST NEWS POST

ကျောက်ဆည် GTI ကျောင်းသားသတ်ခံရမှု ကျူးလွန်သူများကို တရားစစွဲ
25-Sep-2018


မန္တလေး၊ စက်တင်ဘာ ၂၅

ကျောက်ဆည် အစိုးရစက်မှုလက်မှုသိပ္ပံ (GTI) မှ တတိယနှစ်ကျောင်းသား နေမင်းထက် အသတ်ခံရမှုမှ ပြစ်မှုကျူးလွန်သူများကို ကျောက်ဆည်ခရိုင်တရားရုံးသို့ စက်တင်ဘာလ ၂၅ ရက်နေ့တွင် စတင် တရားစွဲတင်ခဲ့သည်။

ယင်းသို့ စတင်တရားစွဲဆိုလိုက်ပြီဖြစ်၍ အောက်တိုဘာလ ၂ ရက်နေ့တွင် တရားခံဟု စွပ်စွဲခံရသူများဘက်မှ ရှေ့နေပါဝါတင်မည်ဖြစ်ကြောင်း ကျောက်ဆည်ခရိုင်တရားရုံး သတင်းနှင့်ပြန်ကြားရေးအရာရှိ ဒေါ်မြတ်သီတာအောင်က ပြောကြားသည်။

အဆိုပါအမှု၏ မူလရုံးချိန်းမှာ စက်တင်ဘာလ ၂၇ ရက်နေဖြစ်ရာ ယခုကဲ့သို့ရုံးချိန်း စောခေါ်ခြင်းနှင့်ပတ်သက်၍ သေဆုံးသူဘက်မှ အကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဦးသူရထွန်းက ၊ဒီအမှုက ၂၇ ရက်နေ့ နောက်ဆုံးထား စွဲတင်ရမှာဖြစ်ပေမယ့် အမှုတည်ဆောက်ပြီးပြီဆိုရင် တရားစွဲ အဖွဲ့အစည်းရဲ့လုပ်ပိုင်ခွင့်အရ ကြားထဲမှာစွဲတင်လို့ရတယ်”ဟု ပြောဆိုသည်။

ယင်းကျောင်းသား အသတ်ခံရမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူသုံးဦးကို ကျောက်ဆည်ခရိုင် တရားရုံးတွင် ရုံးထုတ်ရမန်ယူစဉ် ကျောက်ဆည် အစိုးရစက်မှုလက်မှုသိပ္ပံ (GTI) ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင်များ၊ ကျောင်းသားကျောင်းသူများနှင့် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (ကျောက်ဆည်) နှင့် ထိုအမှုကို စိတ်ဝင်စားသည့်ဒေသခံ စုစုပေါင်းလူအင်အား ၂၀၀ ခန့်က အမှုမှန်ပေါ် ပေါက်ရေးအတွက် လာရောက်စောင့်ကြည့်ခဲ့ကြသည်။

ရုံးထုတ်ချိန်တွင် သတင်းမီဒီယာသမားများကို တယ်လီဖုန်း၊ ကင်မရာယူခွင့်မပေးဘဲ သတင်းယူခွင့်ကိုလည်း အာဏာပိုင်များက ကန့်သတ်ခဲ့ခြင်း မူလရုံးချိန်းထက် နှစ်ရက်စောကာ ရုံးထုတ်ခဲ့ခြင်းတို့ ကြောင့် ဝေဖန်ပြောဆိုမှုများလည်းရှိခဲ့သည်။ 

“ဒီအမှုက တရားဥပဒေစိုးမိုးမှုနဲ့သက်ဆိုင်တယ်။ ကျောက်ဆည်မြို့သူမြို့သားတွေရဲ့ လုံခြုံရေးနဲ့လည်း ဆိုင်တယ်။ ဒီကျောင်းသားလေး ရက်ရက်စက်စက် အသတ်ခံရတာတစ်ခုထဲတင် မဟုတ်ဘဲ မြို့သူမြို့သားတွေ အေးအေးချမ်းချမ်း နေနိုင်ဖို့ ဒီအမှုဟာစံပြဖြစ်ရမယ်။ ပြစ်မှုနဲ့ပြစ်ဒဏ်မျှတဖို့ ကျွန်တော်တို့ စောင့်ကြည့်သွားမှာပါ”ဟု ၈၈ မျိးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (ကျောက်ဆည်)မှ ဦးစိုးသီဟက ပြောကြားသည်။

ကျောက်ဆည် အစိုးရစက်မှုလက်မှုသိပ္ပံ (GTI) မှ တတိယနှစ်ကျောင်းသား နေမင်းထက်သည် ဩဂုတ်လ ၂၉ ရက်နေ့ ညက သူငယ်ချင်းတစ်ဦးနှင့်အတူ ဆိုင်ကယ်စီးနင်းနေစဉ် အလီဘိုင် (ခ) မင်းခန့်ကျော်၊ အောင်သူဟိန်းနှင့် မင်းချစ်အောင်တို့နှင့် စကားများရန်ဖြစ်ရာမှ အသတ်ခံခဲ့ရခြင်းဖြစ်သည်။ 

အဆိုပါလူသတ်မှုနှင့်ပတ်သက်၍ အလီဘိုင် (ခ) မင်းခန့်ကျော်၊ အောင်သူဟိန်းနှင့် မင်းချစ်အောင်တို့ကို ကျောက်ဆည်မြို့မရဲစခန်းက လူသတ်မှု ပုဒ်မ ၃၀၂၊ အားပေးကူညီမှုပုဒ်မ ၁၁၄၊ လုယက်မှု ပုဒ်မ ၃၉၄၊ တရားမဝင် လက်နက်ကိုင်ဆောင်မှု ၁၉ (င)၊ ပို့ကုန်သွင်းကုန်လိုင်စင် ပုဒ်မ(၈) အရ အမှုဖွင့်ပေးထားသည်။

M-01