News

POST TYPE

LATEST NEWS POST

မိတ္ထီလာဆေးရုံမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို လူငယ်ခြောက်ဦးက ရိုက်နှက်
25-Sep-2018

မိတ္ထီလာ စက်တင်ဘာ ၂၅ 

မိတ္ထီလာမြို့ပြည်သူ့ဆေးရုံကြီး၌ တာယန်ကျသည့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို လူငယ်ခြောက်ဦးက စက်တင်ဘာလ ၂၅ ရက်နေ နံနက်အစောပိုင်းက ရိုက်နှက်သွားခဲ့ကြောင်း ယင်းဆေးရုံပြင်ပလူနာဌာနထံမှ သိရသည်။

ယာဉ်တိုက်မှုတစ်ခုဖြစ်ရာမှ လူနာလာပြစဉ် ရဲမှုခင်းဖြစ်နေ၍ တာဝန်ကျဆရာဝန်က အုပ်ထိန်းသူခေါ်ခိုင်းသည်ကို အစပြုကာ ဆေးရုံစောင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ရိုက်နှက်သွားခြင်းဖြစ်ကြောင်း မျက်မြင်များ၏ အဆိုအရအလည်း သိရသည်။

“အဲဒီသတင်းကြားကြားခြင်း ချက်ချင်း လိုက်ဖမ်းပါတယ်။ ဒီနေ့ (စက်တင်ဘာ ၂၅ ) မနက် ခုနစ်နာရီလောက်မှာပဲ ခြောက်ယောက်စလုံးကို ဖမ်းမိပါပြီ”ဟု မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအရာခံ ရန်နိုင်ထွန်းက ပြောကြားသည်။ 

စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၄ နာရီခွဲခန့်အချိန်က မိတ္ထီလာဆေးရုံ ပြင်ပလူနာဌာနသို့ လူငယ်လေးဦး ရောက်ရှိလာကြောင်း၊ ယင်းတို့လေးဦးအနက် နှစ်ဦးမှာ နာရီစင်အနီးတွင် ယာဉ်တိုက်မှုဖြစ်ရာမှ ဆေးကုသရန် ရောက်လာခဲ့ရာ တာဝန်ကျဆရာဝန်တစ်ဦးက ၎င်းတို့ရရှိသောဒဏ်ရာနှင့်ပတ်သက်၍ ဥပဒေနှင့်ငြိစွန်းခြင်း ရှိ မရှိ ဘသိရှိနိုင်ရန် အုပ်ထိန်းသူ မိဘများကို ခေါ်ဆောင်ပေးရန်ပြောခဲ့ကြောင်း၊ လူငယ်လေးဦးက ဆေးကုမရလို့လား။ မကုပေးနိုင်ဘူးလား”ဟုပြောဆိုကာ ပြင်ပလူနာဌာနရှိထိုင်ခုံများကကို ခြေထောက်နှင့်ကန်ကာ ပြန်ထွက်ခွာသွားကြောင်း ရဲမှတ်တမ်းအရ သိရသည်။ 

ယင်းနောက် နံနက် ၅ နာရီခွဲခန့်အချိန်တွင် ထိုလေးဦးနှင့် နောက်ထပ်နှစ်ဦးက တုတ်များ၊ ခဲများကိုင်ဆောင်ကာ ဆေးရုံသို့ ထပ်မံ ရောက်ရှိလာပြီး ဆဲဆိုနေသဖြင့် ဆရာဝန်က ရဲကိုခေါ်စဉ် ၎င်းတို့က ဆေးစာတာဝန်ကျ ရဲတပ်သား ဝင်းဘိုဟိန်းနှင့် နေမျိုးထွန်းတို့ကို ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း၊ ထိုသို့ရိုက်နှက်မှုကြောင့် ရဲတပ်သားဝင်းဘိုဘိုဟိန်းတွင် ဝဲမျက်လုံး၊ နှာခေါင်း၊တို့တွင် ဒဏ်ရာများရရှိခဲ့ပြီး နေမျိုးထွန်းသည် ဦးခေါင်းနှင့် မျက်နှာတို့တွင် ဒဏ်ရာရရှိခဲ့ကြောင်း မှုခင်းမှတ်တမ်းတွင်လည်းဖော်ပြထားသည်။ 

အဆိုပါအမှုနှင့်ပတ်သက်၍ ပေါက်ချောင်းရပ်ကွက်တွင်နေထိုင်သည့် ညီညီကျော် (၂၀) နှစ်၊ လှမင်းထက် (၃၁) နှစ်၊ ဝင်းနိုင်ထွန်း (၂၆) နှစ်၊ လှမျိုးသန်း (၂၀) နှစ်၊ အောင်ကိုဦး (၂၄) နှစ်၊ အူဝဲ(ခ) ရဲလင်းထွန်း (၁၉) နှစ် တို့ကို မိတ္ထီလာမြို့မရဲစခန်းက (ပ)၄၁၃ ။၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၃၃။၂၉၄။၁၁၄ တို့ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း ယင်းရဲစခန်းထံမှ စုံစမ်းသိရှိရသည်။ 

R-01