News

POST TYPE

LATEST NEWS POST

ဖောက်ပြန်နေသည်ဟုဆိုကာ ဇနီးဖြစ်သူကို ဓာတ်ဆီလောင်းမီးရှို့
25-Sep-2018

ရန်ကုန်၊ စက်တင်ဘာ ၂၅ 

မြောက်ဥက္ကလာပမြို့နယ်၊ (ဂ)ရပ်ကွက်၊ မေဓာဝီဈေးရှေ့လမ်းပေါ်တွင် စက်တင်ဘာလ ၂၄ ရက် ညနေ ၄ နာရီ ခွဲခန့်က အခြားအမျိုးသားတစ်ဦးနှင့် ဖောက်ပြန်နေသည်ဟုဆိုကာ အသက် ၃၁ နှစ်အရွယ် ဇနီးဖြစ်သူကို ခင်ပွန်းဖြစ်သူက ဓာတ်ဆီလောင်း မီးရှို့ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းမြို့နယ်၊ (ဃ) ရပ်ကွက်၊ ဝေပုလ္လလမ်းတွင်နေထိုင်သူ အသက် ၃၂ နှစ်အရွယ် ထွန်းထွန်းဦးသည် ယင်းနေ့က ဇနီးဖြစ်သူဈေးရောင်းရာနေရာသို့ လိုက်သွားပြီး အခြားအမျိုးသားတစ်ဦးနှင့် ဖောက်ပြန်နေသည်ဟုဆိုကာ စွပ်စွဲပြောဆိုသဖြင့် စကားများရန်ဖြစ်စဉ် အသင့်ပါလာသော ဓာတ်ဆီများဖြင့် ဇနီး၏ခန္ဓာကိုယ်ပေါ်သို့ လောင်းချပြီး မီးရှို့ခဲ့ရာ ဘယ်/ညာ လက်မီးလောင်ဒဏ်ရာ၊ ရင်ဘတ်မီးလောင်ဒဏ်ရာနှင့် ဘယ်/ညာခြေထောက် မီးလောင်ဒဏ်ရာများရရှိခဲ့ပြီး မြောက်ဥက္ကလာပဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ရကြောင်း အမှုဖွင့်တိုင်တန်းချက်အရ ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“အမျိုးသမီးက ဈေးထဲမှာ ကုန်စိမ်းရောင်းတာ။ ဈေးရောင်းနေတဲ့နေရာကို အရက်သောက်လာပြီးတော့ ဖောက်ပြန်နေတယ်ဆိုပြီး ရန်ဖြစ်ကြတာ။ ဓာတ်ဆီလောင်း မီးရှို့ခံရတဲ့အမျိုးသမီးက မစိုးရိမ်ရပါဘူး၊ ဓာတ်ဆီးလောင်း မီးရှို့တဲ့သူကို ဖမ်းထားပါတယ်။ သူ့ကို ရဲကနေ တရားလိုလုပ်ပြီးတော့ အပြင်းအထန် နာကျင်စေမှုပုဒ်မ ၃၂၆ နဲ့အ မှုဖွင့်ထားပါတယ်။”ဟု အမှုဖွင့် တိုင်တန်းချက်အရ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

အလားတူ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့က ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်၊ ရွှေနှင်းဆီလမ်းရှိ နေအိမ်တစ်လုံးတွင် အသက် ၃၄ နှစ်အရွယ် ဇနီးဖြစ်သူကို အရက်သေစာ သောက်စားမူးရစ်နေသည့် အသက် ၄၃ နှစ် အရွယ်ခင်ပွန်းဖြစ်သူက ဓာတ်ဆီလောင်းမီးရှိုသဖြင့် မျက်နှာ၊ လည်ပင်း၊ ရင်ဘတ်၊ ကျောပြင် စသည့်နေရာများ၌ မီးလောင်ဒဏ်ရာများရှိကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် သေဆုံးသွားသဖြင့် ပြစ်မှုကျူးလွန်သူ အမျိုးသားကို ဒေါပုံမြို့မရဲစခန်းက လူသတ်မှုပုဒ်မဖြင့် အရှေ့ပိုင်းခရိုင်တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ပြီး ထောင် ဒဏ်အပြစ်ပေးခဲ့သည်။

J-16