News

POST TYPE

LATEST NEWS POST

စိုးရိမ်မှုများကြားမှ ဟောင်ကောင်နှင့်ပြည်မကြီးအကြား ပထမဆုံး ကျည်ဆန်ရထားကို စတင်ပြေးဆွဲ
25-Sep-2018


ဟောင်ကောင်၊ စက်တင်ဘာ ၂၄

ဟောင်ကောင်နှင့် ပြည်မကြီးအကြား ပိုမိုပေါင်းစည်းရန် လုပ်ဆောင်မှုသည် ဟောင်ကောင်ရေးရာများအပေါ် ဘေဂျင်း၏ ပိုမိုစွက်ဖက်မှုကို ဖြစ်ပေါ်စေနိုင်သည်ဟု စိုးရိမ်မှုများ ရှိနေသည့်ကြားမှ ပထမဆုံး ကျည်ဆန်ရထား ခရီးစဉ်ကို တနင်္ဂနွေနေ့က ချောမောစွာ စတင်ပြေးဆွဲခဲ့သည်ဟု CNN သတင်းတွင် ဖော်ပြထားသည်။

သတင်းထောက်များ၊ တိုးရစ်များနှင့် ရထားစိတ်ဝင်စားသူများသည် ဂွမ်ဒေါင်းပြည်နယ် ကွမ်ကျိုးသို့ ထွက်ခွာမည့် ပထမဆုံးခရီးစဉ်တွင် လိုက်ပါသူများဖြစ်လာရန်အတွက် ဟောင်ကောင်မြို့လယ်ရှိ အနောက်ကိုလုံး ဘူတာတွင် နာရီများစွာ တန်းစီစောင့်ဆိုင်းခဲ့ကြသည်။

ရှန်ဟိုင်း၊ ဘေဂျင်းအထိ သွားလာနိုင်သော ကမ္ဘာ့အကြီးဆုံး ရထားလမ်းကွန်ရက်နှင့် ဟောင်ကောင်ကို ချိတ်ဆက်ပေးသော မြန်နှုန်းမြင့် ရထားလမ်းသည် ၂၆ ကီလို မီတာရှည်လျားပြီး ဒေါ်လာ ၁၀ ဘီလီယံ ကုန်ကျခဲ့သည်။

ပူးတွဲစစ်ဆေးမှုစနစ်အရ ဘူတာရုံကို ဟောင်ကောင်အပိုင်းနှင့် တရုတ်အပိုင်းဟု နှစ်ပိုင်းခွဲထားပြီး တရုတ်အပိုင်းကို ဘေဂျင်း၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် ထားရှိမည်ဖြစ်သည်။ လူဝင်မှုစစ်ဆေးရေးဂိတ်၊ စောင့်ဆိုင်ခန်းမနှင့် ရထားပလက်ဖောင်းတို့ ပါဝင်သော ဘူတာတစ်စိတ်တစ်ပိုင်းကို ဟောင်ကောင်အစိုးရက ပြည်မကြီးထံ နှစ်စဉ်ကြေး ဒေါ်လာ ၁၂၈ သန်းဖြင့် ငှားရမ်းထားသည်။

သို့ဖြစ်ရာ အနောက်ကိုလုံးဘူတာသည် ဟောင်ကောင်မြို့လယ်တွင် ရှိသော်လည်း တစ်စိတ်တစ်ပိုင်းကို ပြည်မကြီး ဥပဒေဖြင့်စီမံကာ ပြည်မကြီးရဲများက စောင့်ကြပ်ကြမည်ဖြစ်သည်။ 

သဘောတူညီချက်အရ ဘူတာအတွင်းရှိ မသင်္ကာသူများကို တရုတ်အာဏာပိုင်များက ဖမ်းဆီးခွင့်ရှိသည့်အပြင် ပြည်မကြီးသို့ လွှဲပြောင်းခွင့်ကိုပင် ရရှိထားသည်။

၁၈၄၁ ခုနှစ် ဗြိတိန်ထံ စွန့်လွှတ်ပြီးနောက်ပိုင်း ဟောင်ကောင်တွင် ပထမဆုံးအကြိမ် ဘေဂျင်း၏ တိုက်ရိုက်ထိန်းချုပ်မှု ဖြစ်လာမည့် ပူးတွဲစစ်ဆေးမှုစနစ်သည် ဟောင်ကောင်ပြည်သူများအကြား အငြင်းပွားစရာကိစ္စဖြစ်နေပြီး ဟောင်ကောင်၏ ဥပဒေနှင့်နိုင်ငံရေးစနစ်များ ပိုမိုတိုက်စားခံရမှု စတင်လာနိုင်သည်ဟု အများစုက စိုးရိမ်နေကြသည်။

အနောက်ကိုလုံးဘူတာမှ ပြည်မသို့ ပထမဆုံးခရီးစဉ်တွင် လိုက်ပါလာသူ ဂျွန်တောင်းက ဘူတာတွင် ဟောင်ကောင်ရဲများနှင့် တရုတ်ရဲများ တစ်ခြမ်းစီ ကွပ်ကဲနေခြင်းကို မြင်တွေ့ရသည်မှာ အဆင်မပြေပါဟု မှတ်ချက်ပေးသည်။

ဟောင်ကောင်အစိုးရအနေနှင့်မူ ကျည်ဆန်ရထားလမ်းသည် အိမ်နီးချင်း မက္ကာအို၊ ဂွမ်ဒေါင်းပြည်နယ်တို့နှင့် တံတားထိုးဆက်သွယ်ထားသော လမ်းများနှင့် အတူတူဖြစ်သည်ဟု ရှုမြင်မည်ဖြစ်ပြီး ဟောင်ကောင်ကို  Greater Bay Area တွင် သော့ချက်ကျသောကဏ္ဍမှ ပါဝင်နိုင်အောင် အထောက်အကူပြုသည်ဟု ယူဆမည်ဖြစ်သည်။

Greater Bay Area သည် ဟောင်ကောင်၊ မက္ကာအိုနှင့် ဂွမ်းဒေါင်းပြည်နယ် မြို့ကြီးကိုးမြို့တို့ပါဝင်သော ပုလဲမြစ်ဝကျွန်းပေါ်ဒေသကို ဆန်ဖရန်စ္စကိုနှင့် တိုကျိုတို့ကဲ့သို့ အထူးဇုန်တစ်ခုဖြစ်လာအောင် ပေါင်းစည်းဖန်တီးမည့် ဘေဂျင်း၏ အထူးစီမံချက်ဖြစ်သည်။

သို့ရာတွင် Greater Bay Area သည် စုစုပေါင်းလူဦးရေ ၆၈ သန်းရှိသည့်အပြင် သီးခြားနယ်မြေ၊ သီးခြားဥပဒေများ ရှိကြသော သီးခြားအစိုးရသုံးခုက စီမံခန့်ခွဲနေပြီး ဧရိယာ ၅၆,၅၀၀ စတုရန်းကီလိုမီတာ ကျယ်ပြန့်သောကြောင့် ပေါင်းစည်းမှုသည် လွယ်ကူမည်မဟုတ်ပေ။ 

F-04