News

POST TYPE

LATEST NEWS POST

အမှန်တကယ်လိုအပ်သည့် ဒေသများတွင် စာသင်ကျောင်း ဆောက်လုပ်ပေးခြင်းမရှိဟုဆို
20-Sep-2018

စစ်တွေ၊ စက်တင်ဘာ ၁၉

ရခိုင်ပြည်နယ်တွင် အခြေခံပညာကျောင်းများတည်ဆောက်ရာတွင် အမှန်တကယ်လိုအပ်သည့်ဒေသများ မပါဝင်ဘဲ နေရာတစ်ခုတည်းမှာ စာသင်ကျောင်းများ ထပ်မံ၍ တည်ဆောက်နေကြောင်း ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်မြင့်က ပြောကြားသည်။

စက်တင်ဘာလ ၁၉ ရက်နေ့က ကျင်းပသည့် ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ဦးဇော်ဇော်မြင့်က လူမရှိဘဲ မူလတန်းစာသင်ကျောင်း မဆောက်သင့်ကြောင်းကို လွှတ်တော်၌ ကြိုတင်ပြောသော်လည်း မြေပြင်မှာ အလျင်အမြန်ဆောက်လုပ်ခဲ့ရာ နိုင်ငံဘဏ္ဍာငွေများ ဆုံးရှုံးသွားခဲ့ရမှုအပေါ် တာဝန်ရှိသူများကို အရေးယူဆောင်ရွက်မှုကို သိရှိလိုကြောင်း မေးမြန်းခဲ့ရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“တစ်နေရာတည်းမှာ စာသင်ကျောင်းတွေ ဘတ်ဂျက်အရ ထပ်နေတာသွားတွေ့တယ်။ ကျောင်းတွေက အကောင်းလည်း ဖြစ်နေသေးတာ၊ နောက်တစ်ခုက အမှန်တကယ်လိုအပ်တဲ့ ဝေးလံခက်ခဲတဲ့နေရာတွေ၊ စုတ်ပြတ်သတ်နေတဲ့ကျောင်းတွေ အဲဒီလိုဒေသမျိုးတွေမပါလာဘူး။ မြို့အနားအနီးတစ်ဝိုက်ကျောင်းတွေပဲ ပါလာတယ်။ လူမရှိတဲ့ရွာတွေမှာ ထပ်ပြီးတော့ ပါလာနေတယ်”ဟု ၎င်းက ပြောဆိုသည်။

ဘူးသီးတောင်မြို့နယ်တွင် စာသင်ကျောင်း ၁၆ ကျောင်း တည်ဆောက်ရာ ထပ်နေသည့်ကျောင်း ၅ ကျောင်းခန့်ရှိပြီး လူသူနည်းပါးကာ ကျောင်းသား ၂၀ ခန့် သာရှိသောနေရာများတွင်ပါ တည်ဆောက်ခြင်းများရှိနေကြောင်း ဦးဇော်ဇော်မြင့်က ရှင်းပြသည်။

ထိုသို့ စာသင်ကျောင်းများ ထပ်နေကြောင်းကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြည်ထောင်စုအစိုးရသို့ ခေါင်းစဉ်ပြောင်းလဲသုံးရန် အကြိမ်ကြိမ်တင်ပြခဲ့သော်လည်း ကျောင်းနေရာ ရွှေ့ပြောင်းတည်ဆောက်၍ မရကြောင်း ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ဆိုသည်။

“ပညာရေးဝန်ကြီးဌာနက အလွတ်သဘောပြောတာကတော့ ထပ်ချင်ထပ်၊ ဘဏ္ဍာငွေလည်း အလာဟဿမဖြစ်အောင် နောက်ဆုံးကျောင်းသားတိုးလာမည့် အခြေအနေကို ရည်မှန်းပြီးပေါ့၊ နောက်တစ်ခါ ဆရာတွေနေလည်း နေလို့ရအောင်လို့ နှုတ်အားဖြင့် ပြောထားတာရှိတယ်” ဟု ၎င်းက ရှင်းပြသည်။

ပြည်ထောင်စုအဆင့်အနေနှင့် ပညာရေး၊ ကျန်းမာရေး ကဏ္ဍများ၏ လိုအပ်သည်များကို အောက်ခြေအဆင့်က ညှိနှိုင်းအတည်ပြုတင်ပြသောအချက်များပေါ်မှာ မူတည်ကာ ဆောင်ရွက်ပေးသင့်ကြောင်း ဦးဇော်ဇော်မြင့်က အကြုံပြုသည်။

R-22