POST TYPE

LATEST NEWS POST

မန္တလေး-ကွမ်ကျိုး တိုက်ရိုက်ခရီးစဉ် အောက်တိုဘာလ စတင်ပျံသန်းမည်
19-Sep-2018

ရန်ကုန်၊ စက်တင်ဘာ ၁၈

တရုတ်နိုင်ငံ ကွမ်ကျိုးအခြေစိုက် 9 Air လေကြောင်းကုမ္ပဏီသည် အောက် တိုဘာလအတွင်း ကွမ်ကျိုး-မန္တလေး အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဉ်သစ်ကို စတင်ပျံသန်းရန်စီစဉ်ထားကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောကြားသည်။

“သူတို့က ပြေးဆွဲဖို့အတွက် တင်ပြထားတယ်။ ဒါကို ဝန်ကြီးရုံးကို တင်ထားတယ်။ လုပ်ငန်းစဉ်က ခန့်မှန်းခြေ နှစ်ပတ်လောက် ကြာမယ်ဆိုတော့ ဒီအောက်တိုဘာလထဲ ဖြစ်နိုင်တယ်”ဟု ၎င်းက ဆိုသည်။

9 Air လေကြောင်းကုမ္ပဏီသည် ကွမ်ကျိုး-မန္တလေး အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းခရီးစဉ်ကို တစ်ပတ်လျှင် သုံးကြိမ် ပျံသန်းပြေးဆွဲရန် စီစဉ်ထားပြီး အသွား၊ အပြန် တစ်ကြိမ်စီ ပျံသန်းရန် စီစဉ်ထားကြောင်းသိရသည်။

“ဒီအောက်တိုဘာကစပြီး တရုတ်က ဗီဇာကင်းလွတ်ခွင့်ရတော့ မြန်မာနိုင်ငံကို လာလည်မယ့်ဧည့်သည်တွေအတွက် အဆင်ပြေတာပေါ့။ ခရီးသွားဈေးကွက်လည်း ပိုကောင်းသွားမယ်”ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ဒုဥက္ကဋ္ဌတစ်ဦးက မှတ်ချက်ပြုသည်။

အဆိုပါ လေကြောင်းခရီးစဉ်အသစ်သည် တရုတ်-မြန်မာ နှစ်နိုင်ငံစီးပွားရေး ကုန်သွယ်မှုလမ်းကြောင်းသစ်တစ်ခုကို ဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီး ခရီးသွားဧည့်သည်များအတွက်လည်း အကျိုးရှိစေမည်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များက ဆိုသည်။

9 Air လေကြောင်းကုမ္ပဏီသည် ကွမ်ကျိုးအခြေစိုက် စရိတ်သက်သာ လေကြောင်းလိုင်းတစ်ခုဖြစ်ပြီး လက်ရှိတွင် တရုတ်ပြည်တွင်းမြို့များအပြင် တောင်အာရှ၊ အရှေ့တောင်အာရှ၊ မြောက်အာရှ၊ အရှေ့မြောက်အာရှနှင့် ဩစတြေးလျမြောက်ပိုင်း နိုင်ငံများသို့ ဘိုရင်းအမျိုးအစားလေယာဉ်ဖြင့် ပျံသန်းပြေးဆွဲလျက်ရှိသည်။

J-14